ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့
ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ကို ၁၉၆၈ ခုနှစ်တွင် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပအိုဝ်းခေါင်းဆောင် ဗိုလ်စံသိန်း ကျဆုံးပြီးနောက် ဗိုလ်မှူးလှမောင်က ခေါင်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဦးမော်ဟိုက် (ဦးမော်ဟဲ) ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ပြီး ဗိုလ်မှူးလှမောင်၊ ဦးကုသလ (ခ) အဘယ (ခ) ဦးအောင်ခမ်းထီ၊ ဦးစိန်ရွှေနှင့် ဦးအောင်သာတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
သမိုင်းကြောင်းနှင့် ကွဲပြားမှု
[ပြင်ဆင်ရန်]၁၉၇၃ ခုနှစ်တွင် ရလလဖ အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းကာ ‘ရောင်နီတပ်ဖွဲ့’ အမည်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ၁၉၇၃ ခုနှစ် နိုဝင်ဘာလတွင် ဗကပကို လိုလားသူနှင့် မလိုလားသူဟူ၍ အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့သည်။
- ရလလဖ (အနီ) / ပအိုဝ်းနီ - ဗကပကို လိုလားသော အဖွဲ့ဖြစ်ပြီး ဗိုလ်တာကလယ်၊ စောဖားမူ၊ ဗိုလ်မှူးလှမောင်၊ ဦးစိန်ရွှေနှင့် စိုးအောင်လွင်တို့က ခေါင်းဆောင်ခဲ့သည်။ ဤအဖွဲ့သည် ပွန်ချောင်းအရှေ့ခြမ်းရှိ ကဒူးကြီး နားဟီးနှင့် နမ့်ဂွင်ဒေသများတွင် လှုပ်ရှားခဲ့သည်။
- ရလလဖ (အဖြူ) / ပအိုဝ်းဖြူ - ဗကပကို မလိုလားသော အဖွဲ့ဖြစ်ပြီး အဘယ (ခေါ်) ဦးအောင်ခမ်းထီ၊ သထုံဦးလှဖေ၊ ဦးကျော်စိန်နှင့် ဦးမောင်မောင်တို့က ခေါင်းဆောင်ခဲ့သည်။ ဤအဖွဲ့သည် အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ မဲနယ်တောင်တန်းနှင့် ဟိုပုန်းမြောက်ခြမ်းဒေသများတွင် လှုပ်ရှားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အဖြစ် အမည်ပြောင်းလဲခဲ့သည်။
စစ်ရေးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
[ပြင်ဆင်ရန်]၁၉၇၇ ခုနှစ်တွင် ဗိုလ်တာကလယ် ဦးဆောင်သော ရလလဖ (အနီ) သည် ဗကပ (၁၀၈) စစ်ဒေသနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားခဲ့ပြီး ၁၉၇၈ ခုနှစ် မတ်လတွင် ရလလဖ တပ်သားသစ် ၁၀၀ ကျော်ကို ပန်ဆန်းရှိ ဗကပဌာနချုပ်သို့ စစ်သင်တန်းနှင့် နိုင်ငံရေးသင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့သည်။ ရလလဖသည် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီ (KNPP) တို့နှင့်လည်း မဟာမိတ်ဖွဲ့ကာ လှုပ်ရှားခဲ့သည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းနောက်ပိုင်းတွင် ရောက်ရှိလာသော ဒီမိုကရေစီ အင်အားစုဝင် ကျောင်းသားလူငယ်များကိုလည်း ကူညီခဲ့သည်။ သို့သော် ပတ်ဝန်းကျင်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများက စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်လာသောကြောင့် ရပ်တည်ရန် အခက်အခဲများ ပေါ်ပေါက်လာခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့် နောက်ဆက်တွဲဖြစ်ရပ်များ
[ပြင်ဆင်ရန်]၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် ဥက္ကဋ္ဌ ဦးတာကလယ် ဦးဆောင်သော ရလလဖ (ပအိုဝ်းနီ) သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး နအဖ စစ်အစိုးရက ရှမ်းပြည်တောင်ပိုင်း အထူးဒေသ (၁၃) အဖြစ် သတ်မှတ်ပေးခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ဦးတာကလယ်သည် နာယကအဖြစ် ပြောင်းလဲခဲ့ပြီး ဗိုလ်မှူးချစ်မောင်က ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ရလလဖအတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာပြီး ဗိုလ်မှူးကြီး ခွန်ထိဆောင်နှင့် ခွန်သူရိန် ခေါင်းဆောင်သော အဖွဲ့သည် ‘ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့’ အမည်ဖြင့် ခွဲထွက်ကာ လက်နက်ကိုင် တော်လှန်ရေး ပြန်လည်စတင်ခဲ့သည်။
၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ဥက္ကဋ္ဌ ဗိုလ်မှူးချစ်မောင် ဦးဆောင်သောအစုသည် နအဖထံ လက်နက်ချခဲ့သဖြင့် ရလလဖ ဌာနချုပ်တွင် ဥက္ကဋ္ဌဟောင်း ဦးတာကလယ်နှင့် နာယကအဖွဲ့သာ ကျန်ရှိခဲ့သည်။ ဦးတာကလယ်သည် ကျန်ရှိသူများနှင့်အတူ ရလလဖကို ပြန်လည်ဖွဲ့စည်းကာ ဆက်လက်ဦးဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဦးတာကလယ်ကို ဥက္ကဋ္ဌ၊ ခွန်စိန်ရွှေနှင့် စောဖားမူတို့ကို ဒုတိယဥက္ကဋ္ဌများအဖြစ် တင်မြှောက်ကာ ၁၁ ဦးပါ ဗဟိုကော်မတီအသစ်ကို ဖွဲ့စည်းခဲ့သည်။
အဓိက ဖြစ်ရပ်များ
[ပြင်ဆင်ရန်]ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ဌာနချုပ်ဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ထောင်တွင် နှစ် ၇၀ ပြည့် ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့ အခမ်းအနားကို ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
|year=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
- ↑ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် နောင်ထောင်တွင် နှစ် ၇၀ ပြည့် ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ။ Eleven Media။ 22 August 2025 တွင် ပြန်စစ်ပြီး။