မာတိကာသို့ ခုန်သွားရန်

​ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်

ဝီကီပီးဒီးယား မှ

ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed-member proportional representation, အတိုကောက် MMP သို့မဟုတ် MMPR) သည် ရွေးကောက်ပွဲတွင် အနိုင်ရသူ အကုန်ယူစနစ် (winner-take-all သို့မဟုတ် First-past-the-post, အတိုကောက် - FPTP) နှင့် နိုင်ငံရေးပါတီစာရင်းပါ တို့ကို ပေါင်းစပ်ထားသော ရောနှောမဲဆန္ဒနယ်မြေစနစ်အချို့မှ ပံ့ပိုးပေးသည့် ကိုယ်စားလှယ်အမျိုးအစားဖြစ်သည်။ ဤစနစ်သည် အလုံးစုံအားဖြင့် အချိုးကျကိုယ်စားပြုမှု (proportional representation) ကို ဖြစ်ပေါ်စေသည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ကဲ့သို့ပင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) သည် တစ်ခုတည်းသောစနစ်မဟုတ်ဘဲ အလားတူစနစ်များစွာ၏ အခြေခံမူနှင့် ရည်မှန်းချက်ဖြစ်သည်။ အချိုးကျဖြစ်စေရန် ရည်ရွယ်ဖန်တီးထားသော စနစ်အချို့သည် အချိုးကျပြည့်ဝမှု မရှိသော်လည်း ရောနှောကိုယ်စားလှယ်အချိုးကျစနစ်ဟု ခေါ်ဆိုကြသည်။ ထိုသို့သောကိစ္စမျိုးတွင် ၎င်းတို့သည် တစ်စိတ်တစ်ပိုင်း အချိုးကျကိုယ်စားလှယ်စနစ် (semi-proportional representation) ကို ပေးသည်။

ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) တွင် မဲဆန္ဒရှင်များသည် မဲနှစ်မဲပေးရသည်။ ပထမမဲသည် ၎င်းတို့၏ တစ်ဦးချင်းမဲဆန္ဒနယ်မြေမှ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ရန်ဖြစ်ပြီး ဒုတိယမဲသည် နိုင်ငံရေးပါတီတစ်ခုအတွက် ဖြစ်သည်။ သို့သော် အချို့နိုင်ငံများတွင် မဲတစ်မဲတည်းပေးသည့် စနစ်ကိုလည်း အသုံးပြုကြသည်။

လွှတ်တော်တွင်းရှိ နေရာများကို အောင်မြင်သော မဲဆန္ဒနယ်ကိုယ်စားလှယ်များက ဦးစွာဖြည့်ဆည်းကြပြီး ဒုတိယအနေဖြင့် ပါတီတစ်ခုချင်းစီ ရရှိသည့် နိုင်ငံတစ်ဝန်း သို့မဟုတ် ဒေသအလိုက် မဲရာခိုင်နှုန်းပေါ် မူတည်၍ ပါတီကိုယ်စားလှယ်များက နေရာယူကြသည်။ မဲဆန္ဒနယ်ကိုယ်စားလှယ်များကို ပထမရရှိသူ အနိုင်ရမဲစနစ် (FPTP) ဖြင့် ရွေးချယ်လေ့ရှိသည်။ နိုင်ငံတစ်ဝန်း သို့မဟုတ် ဒေသအလိုက် ပါတီကိုယ်စားလှယ်များကို အများစုမှာ ပါတီစာရင်း အချိုးကျကိုယ်စားလှယ်စနစ် နှင့် ဆင်တူသည့် ထုတ်ပြန်ထားသော ပါတီစာရင်းများ မှ ရွေးချယ်ကြသည်။

နိုင်ငံတစ်ဝန်း ကိုယ်စားလှယ်နေရာရရှိရန် ပါတီများသည် အနည်းဆုံး မဲဆန္ဒနယ်နေရာ အရေအတွက်တစ်ခု၊ နိုင်ငံတစ်ဝန်း ပါတီမဲ၏ အနည်းဆုံး ရာခိုင်နှုန်းတစ်ခု သို့မဟုတ် နှစ်ခုစလုံးကို ပြည့်မီရန် လိုအပ်နိုင်သည်။

ပါလီမန်ရွေးကောက်ပွဲများတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကို အသုံးပြုသည့်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဂျာမနီ
  • နယူးဇီလန်
  • ဗိုလီးဗီးယား
  • မက္ကဆီကို
  • ဟန်ဂေရီ
  • လက်ဆိုသို

ထို့အပြင် စကော့တလန် (ယူကေ) နှင့် ဝေးလ်စ် (ယူကေ) ကဲ့သို့သော ဒေသဆိုင်ရာ လွှတ်တော်များတွင်လည်း MMP နှင့် ဆင်တူသည့်စနစ်များကို အသုံးပြုကြသည်။ အချို့နိုင်ငံများတွင် MMP နှင့် ဆင်တူသော စနစ်များကို အသုံးပြုသော်လည်း အခြားအမည်များဖြင့် ခေါ်ဆိုကြသည်။ ဥပမာ- ဂျာမနီတွင် စတင်တီထွင်ခဲ့သော ဤစနစ်ကို additional member system (AMS) ဟုလည်း ခေါ်ဆိုတတ်သည်။

မြန်မာနိုင်ငံ၏ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ဖြင့်သာ ကျင်းပခဲ့သည်။ သို့သော်လည်း စစ်အုပ်ချုပ်ရေးကာလအောက်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင်မူ ရွေးကောက်ပွဲကော်မရှင်က မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) တို့ကို ပေါင်းစပ်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည့် မဲဆန္ဒနယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်-[]

  • ပြည်သူ့လွှတ်တော်: မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် ၃၃၀ နယ်။
  • အမျိုးသားလွှတ်တော်: ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည်ဖြစ်ရာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ စုစုပေါင်း ၁၁၀ နယ်။
  • တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်: ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည်ဖြစ်ရာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ စုစုပေါင်း ၃၆၄ နယ်။
  • တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များအတွက်: တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်ကိုလည်း သတ်မှတ်ထားသည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်တစ်ဦးသည် မဲတစ်မဲသာ ပေးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ထိုတစ်မဲတည်းကိုပင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်ခုလုံးအတွက် ထည့်သွင်းရေတွက်မည်ဖြစ်သည်။[]

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများ ထုတ်ပြန်ကြေညာ ပြန်ကြားရေးဝန်ကြီးဌာန။ 12 August 2025 တွင် ပြန်စစ်ပြီး။
  2. ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁ မဲကို စနစ် ၂ မျိုးအတွက် ရေတွက်မယ် BBC Burmese။ 27 August 2025 တွင် ပြန်စစ်ပြီး။