မာတိကာသို့ ခုန်သွားရန်

အချိုးကျကိုယ်စားပြုစနစ်

ဝီကီပီးဒီးယား မှ

အချိုးကျကိုယ်စားပြုစနစ် သို့မဟုတ် ပီအာ (PR) ဆိုသည်မှာ Proportional Representation (အချိုးကျကိုယ်စားပြုခြင်း) ကို အတိုကောက်ယူထားခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက်အပေါ် မူတည်၍ ဥပဒေပြုလွှတ်တော်တွင် အချိုးကျ ခွဲဝေယူရသည့် စနစ်ဖြစ်သည်။ အဘိဓာန်ဖွင့်ဆိုချက်အရ "အုပ်စု သို့မဟုတ် ပါတီတစ်ခုစီမှ ရရှိသော မဲအရေအတွက်နှင့် လွှတ်တော်တွင်း ထိုင်ခုံအရေအတွက် အချိုးကျဖြစ်စေရန် ရည်ရွယ်သည့် ရွေးကောက်ပွဲစနစ်" ဟု အတိအကျ ဖော်ပြနိုင်သည်။

ပီအာစနစ်၏ လုပ်ဆောင်ပုံ

[ပြင်ဆင်ရန်]

ပီအာစနစ်သည် မဲဆန္ဒနယ်ကြီးတစ်ခုစီမှ လွှတ်တော်သို့ ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက်စေသည့်စနစ်ဖြစ်သည်။ ပါတီများက သက်ဆိုင်ရာမဲဆန္ဒနယ်ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်သူထံ တင်ပြရပြီး၊ ပြည်သူက မိမိတို့ဆန္ဒရှိသည့် ပါတီ၏ ကိုယ်စားလှယ်စာရင်းကို မဲပေးရွေးချယ်ကြသည်။

ဥပမာအားဖြင့်- မဲဆန္ဒနယ်တစ်ခုတွင် အမတ်ဆယ်ဦး ရွေးချယ်မည်ဆိုပါက ပါတီများသည် တစ်ပါတီလျှင် ဆယ်ဦးစီပါဝင်သော ကိုယ်စားလှယ်လောင်းစာရင်းကို တင်ပြရသည်။ ထိုမဲဆန္ဒနယ်၌ ရွေးကောက်ပွဲဝင်ရောက်ရာတွင် ၃၀% ထောက်ခံမဲ ရရှိပါက အဆိုပါပါတီသည် အမတ်ဆယ်နေရာတွင် ၃ နေရာ အချိုးကျ ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အချို့နယ်မြေမကျယ်ဝန်းသော နိုင်ငံများ (ဥပမာ- နယ်သာလန်၊ အစ္စရေး) တွင်မူ တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် သတ်မှတ်၍ ဤစနစ်အတိုင်း ရွေးကောက်တင်မြှောက်ကြသည်။

လက်တွေ့တွင် ကိုယ်စားလှယ် ၄.၆၂ ယောက်ကဲ့သို့ ကိန်းပြည့်မဟုတ်သည့် အချိုးအစားများ ထွက်ပေါ်လာနိုင်သည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ဒေသအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်၏ အမတ်အရေအတွက်အပြင် အစွန်းထွက်မဲများကို ထပ်မံခွဲဝေရန်နှင့် ပါတီများအသီးသီးအတွက် အစွန်းထွက်မဲများကို ကာမိစေရန် အမတ်နေရာအချို့ကို သီးသန့်ချန်ထားလေ့ရှိသည်။ ဥပမာအားဖြင့် ဆွီဒင်နိုင်ငံတွင် မဲဆန္ဒနယ် ၂၈ နယ်ရှိပြီး တစ်နယ်စီမှ ရွေးချယ်သော လွှတ်တော်အမတ်များ စုစုပေါင်း ၃၁၀ ဦးရှိသော်လည်း၊ လွှတ်တော်ရှိ အမတ်နေရာစုစုပေါင်းကို ၃၄၉ နေရာအဖြစ် သတ်မှတ်ထားကာ ၃၉ နေရာကို အစွန်းထွက်ရာခိုင်နှုန်းများကို ချိန်ညှိရန် သီးသန့်ပေးထားသည်။

အစွန်းထွက်ရာခိုင်နှုန်းများ ရှုပ်ထွေးမှု လွန်ကဲခြင်းမှ ရှောင်ရှားရန် ဂျာမနီနှင့် ပိုလန်ကဲ့သို့သော နိုင်ငံများတွင် အမတ်နေရာရရှိရေးအတွက် မဲအရေအတွက်စုစုပေါင်း၏ အနည်းဆုံး ၅% ရရှိရမည်ဟု သတ်မှတ်ထားပြီး၊ ဆွီဒင်နှင့် အီတလီနိုင်ငံတို့တွင်မူ အနည်းဆုံး မဲ ၄% ရရှိရမည်ဟု အသီးသီး သတ်မှတ်ထားကြသည်။

ပီအာစနစ်၏ သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ပီအာစနစ်အကြောင်းကို ပြင်သစ်တော်လှန်ရေးကာလမှစတင်၍ စဉ်းစားခဲ့ကြသည်ဟု သိရသည်။ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန် စတုရပ် မီးလ် (John Stuart Mill) က စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း မှတ်တမ်းများအရ သိရသည်။ ၎င်းသည် မဲအများဆုံးရသူက အနိုင်ရသည့်စနစ် (First Past the Post - FPTP) ၏ အားနည်းချက်များကို ဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ FPTP စနစ်သည် "နိုင်သူအကုန်ယူ" (Winner takes all) သဘောဖြစ်သောကြောင့် အများစုက ဗိုလ်ကျခြင်း (tyranny of majority) ဖြစ်နိုင်ပြီး ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ ဘေးဖယ်ခံရနိုင်သည့်အတွက် ပီအာစနစ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

ပီအာစနစ်ကို ပထမဆုံးအကောင်အထည်ဖော် ကျင့်သုံးခဲ့သောနိုင်ငံမှာ ဒိန်းမတ် (၁၈၅၅) ဖြစ်သည်။ ထို့နောက်တွင် လူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဌာန် စုစည်းကြသော နိုင်ငံများစွာ (ဥပမာ- ဆွစ်ဇာလန် (၁၈၉၁)၊ ဘယ်လ်ဂျီယံ (၁၈၉၉)၊ ဖင်လန် (၁၉၀၆)) တို့က လိုက်နာကျင့်သုံးလာကြသည်။ ပညာရှင်များက လူမျိုးစုနှင့် လူနည်းစုများရှိသော၊ ပါတီများစွာရှိသော နိုင်ငံများအတွက် ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု သတ်မှတ်ကြသည်။

သို့သော် ၁၉၂၀ ပြည့်လွန်နှစ်များက ပေါ်ထွက်လာခဲ့သော ဂျာမန် ဝိုင်မာ သမ္မတနိုင်ငံတွင် ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှ ဟစ်တလာ၏ နာဇီပါတီ အာဏာရလာခဲ့သော သမိုင်းကြောင်းလည်း ရှိနေသည်။ ဤအချက်ကို အကြောင်းခံ၍ ပီအာစနစ်၏ အားနည်းချက်မှာ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည်ဟု ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။ ထို့ကြောင့် နောက်ပိုင်းတွင် FPTP နှင့် PR ကို ပေါင်းစပ်ကျင့်သုံးသည့် စနစ်ဖြစ်သော တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (Semi-Proportional System) လည်း ပေါ်ပေါက်လာခဲ့သည်။

အကျိုးကျေးဇူးများ

[ပြင်ဆင်ရန်]

ပြည်သူ့ဆန္ဒကို တိကျစွာ ကိုယ်စားပြုခြင်း- ပီအာစနစ်ကြောင့် ရွေးကောက်ခံဥပဒေပြုအမတ်များသည် လူထု၏ရွေးချယ်မှုရာခိုင်နှုန်းနှင့် ပါတီ၏လူထုထောက်ခံမှုအတိုင်းအတာကို တိကျစွာ ကိုယ်စားပြုနိုင်သည်။ ၎င်းသည် ဒီမိုကရေစီ၏ အနှစ်သာရကို တိုက်ရိုက်ထင်ဟပ်စေသည်ဟု ယူဆနိုင်သည်။

ပါတီငယ်များနှင့် လူနည်းစုများ၏ အခန်းကဏ္ဍ- ပါတီများသည် မိမိတို့ယုံကြည်သည့် မူဝါဒများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ပြီး မိမိ၏မူဝါဒကို ထောက်ခံမှုရှိလျှင် ရှိသလောက် လွှတ်တော်တွင်း အမတ်နေရာ ရနိုင်သည် (ဥပမာ- အစ္စရေးနိုင်ငံတွင် အချို့ပါတီငယ်များမှာ လူဦးရေ၏ ၂ ရာခိုင်နှုန်းမျှသာ ထောက်ခံမှုရရှိသော်လည်း ပါလီမန်ထဲတွင် အမတ်နေရာရကာ မိမိတို့ကိုထောက်ခံသည့် လူဦးရေ၏ဆန္ဒကို ဖြည့်ဆည်းခွင့်ရကြသည်။) တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ် (FPTP) တွင်ကဲ့သို့ အမတ်နေရာရရှိရေး သေချာစေရန်အတွက် အဓိကပါတီကြီးတစ်ခုခုနှင့် ပေါင်းစည်းကာ မိမိတို့ယုံကြည်ရာဝါဒကို ဈေးလျှော့ပေးရန် မလိုအပ်တော့ပေ။

ဆိုးကျိုးများ

[ပြင်ဆင်ရန်]

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပါတီငယ်များ အဆမတန်ကွဲပြားခြင်း

[ပြင်ဆင်ရန်]

ဤစနစ်သည် တိုင်းပြည်၏ ကွဲပြားများပြားသော အမြင်အမျိုးမျိုးများကြောင့် ပါတီငယ်များ အဆမတန်ကွဲပြားနေမှုကို ဖြစ်စေနိုင်ပြီး နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်သည် (ဥပမာ- အစ္စရေး)။

ညွန့်ပေါင်းအစိုးရနှင့် ဆုံးဖြတ်ချက်နှောင့်နှေးမှု

[ပြင်ဆင်ရန်]

တစ်ခါတစ်ရံတွင် ဤစနစ်ကို အသုံးပြုသော နိုင်ငံများအတွင်း၌ပင် အဓိကနှစ်ပါတီကြီး စိုးမိုးပြီး ကျန်ပါတီငယ်လေးများကလည်း ဆက်လက်ရုန်းကန်နေရသည့် အခြေအနေများ (ဥပမာ- ဆွီဒင်စပိန်) ရှိသည်။ ပီအာစနစ်တွင် အင်အားအကြီးဆုံးပါတီတစ်ခုသည် ယေဘုယျအားဖြင့် ထောက်ခံမှု ၅၀% ဝန်းကျင်အထိ ရရှိရန် မစွမ်းဆောင်နိုင်သောအခါ ပါတီငယ်များနှင့် ပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စည်းရုံးရသည်။ အစိုးရအဖြစ် တက်လာသည့်အခါတွင် ညွန့်ပေါင်းအစိုးရဖြစ်နေသောကြောင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခြင်းမရှိဘဲ နိုင်ငံရေးဖြစ်စဉ်နှောင့်နှေးမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ကြုံတွေ့ရနိုင်သည်။

မြန်မာနိုင်ငံနှင့် ပီအာစနစ်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ FPTP (မဲအများဆုံးရသူက အနိုင်ရရှိသည့်စနစ်) ကို ကျင့်သုံးလျက်ရှိသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပီအာစနစ် (Proportional Representation - PR) သို့ ပြောင်းလဲကျင့်သုံးရန် စတင်စဉ်းစားခဲ့သည်။

စစ်ကောင်စီလက်ထက်တွင်လည်း ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ (ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ) အသစ်တွင် PR စနစ်ကို အချို့နေရာများတွင် ကျင့်သုံးနိုင်ကြောင်း ဖော်ပြထားသည်ဟု ယူဆရသည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့် အခြေအနေနှင့် မဲဆန္ဒနယ်မြေများ သတ်မှတ်ပုံတို့သည် မရှင်းလင်းသေးပေ။

PR စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသည်။ အချို့က PR စနစ်သည် ပါတီစုံစနစ်ကို အားပေးပြီး လူမျိုးစုပါတီများနှင့် ပါတီငယ်များကို ကိုယ်စားလှယ်နေရာ ရရှိစေနိုင်သောကြောင့် ပိုမိုမျှတသည်ဟု ရှုမြင်ကြသည်။ အခြားတစ်ဖက်တွင်မူ ပါတီများစွာ ကွဲပြားမှုကြောင့် အစိုးရဖွဲ့စည်းရာတွင် ခက်ခဲနိုင်ပြီး နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့် လူမျိုးပေါင်းစုံပါဝင်သည့် အခြေအနေတို့သည် PR စနစ်ကျင့်သုံးမှုအပေါ် မည်သို့အကျိုးသက်ရောက်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်ပေါင်း (၂၆၇) မြို့နယ် တွင် ရွေးကောက်ပွဲ ကျင်းပရန် လျာထားပြီး ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမည့်အကြောင်း တရားဝင်ပြောဆိုခဲ့သည်။[]

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ၊ ၎င်းဥပဒေသည် အချိုးကျကိုယ်စားပြု (PR) စနစ်နှင့် နိုင်သူကုန်ယူ (FPTP) စနစ်တို့ကို ပူးတွဲကျင့်သုံးရန် ရည်ရွယ်သည်။

အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက် FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦးကို မြို့နယ်များစုစည်း၍ ရွေးချယ်ရန် သတ်မှတ်ပေးရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တစ်ခုစီကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ကာ ကျန်ရှိသောမဲဆန္ဒနယ်များကို မြို့နယ်များ စုစည်း၍ FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦး ရွေးချယ်ရမည်ဖြစ်သည်။ ကျန်ရှိသည့် ကိုယ်စားလှယ် ၆ ဦးကိုမူ PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်ဖြစ်ပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သော နေရာသည် မူလမဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။ []

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များအတွက်မူ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ရမည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများဖြစ်သည့် လိမ်လည်စွပ်စွဲခြင်း၊ မဲမမှန်ကန်ကြောင်း တိုင်တန်းခြင်း၊ ရွေးကောက်ပွဲနှောင့်ယှက်ခြင်း၊ သို့မဟုတ် အီလက်ထရောနစ်မဲပေးစက် ဖျက်ဆီးခြင်းများအတွက် ထောင်ဒဏ်သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၈၁-က (အသစ်ထပ်မံဖြည့်စွက်) အရ FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်တစ်ဦးသည် တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပါက ၎င်း၏မဲရလဒ်များကို ပယ်ဖျက်မည်ဖြစ်ပြီး၊ PR စနစ်ဖြင့် ရွေးချယ်ခံရသူများအတွက်မူ ပယ်ဖျက်လိုက်သည့်မဲများကို နုတ်၍ ကျန်ရှိသောမဲများကို ပြန်လည်တွက်ချက်ကာ ကိုယ်စားလှယ်အမည်စာရင်းကို ပြန်လည်ကြေညာရမည်။ []

ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် PR စနစ် ပြောင်းလဲကျင့်သုံးမည့် အလားအလာ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းမှုများ ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် စနစ်ပြောင်းရန် အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ပေ။ [][][][][][]

သို့သော် ၂၀၂၁ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့်ရွေးကောက်ပွဲများတွင် Closed List - PR စနစ်ကို ကျင့်သုံးရန် မူအားဖြင့် သဘောတူညီခဲ့ကြသည်။ ယင်းသို့ ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မဲဆန္ဒနယ်များကို ပြောင်းလဲသတ်မှတ်ခြင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲခြင်း၊ ဝန်ထမ်းများအား သင်တန်းပေးခြင်းနှင့် မဲစာရင်းများ ပြုစုစိစစ်ခြင်း စသည့် ကြိုတင်ပြင်ဆင်မှုများကို UEC မှ ဆောင်ရွက်နေပြီဖြစ်သည်။[၁၀]

Closed List - PR စနစ်ဖြင့် မဲပေးပုံနှင့် မဲရေတွက်ပုံ

[ပြင်ဆင်ရန်]

Closed List - PR စနစ်ဖြင့် မဲပေးရာတွင် မဲဆန္ဒရှင်သည် မိမိနှစ်သက်သော ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအမည်ကိုသာ တစ်ကြိမ် မဲပေးရမည်ဖြစ်သည်။ မဲရေတွက်ရာတွင်မူ The Largest Remainder (ကြွင်းကျန်မဲ အများဆုံး) စနစ်ကို အသုံးပြုသည်။ ဦးစွာ ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold) ကို တွက်ချက်ပြီး ၎င်းဖြင့် ရရှိသည့် မဲအရေအတွက်ကို အခြေခံကာ ကိုယ်စားလှယ်နေရာများကို ခွဲဝေပေးသည်။ ကျန်ရှိသောမဲများမှ ကြွင်းကျန်မဲအများဆုံးရရှိသူများအား ထပ်ဆောင်းကိုယ်စားလှယ်နေရာများ ပေးအပ်ခြင်းဖြစ်သည်။[၁၀]

အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်တစ်ဦးသည် မဲတစ်မဲသာ ပေးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ထိုတစ်မဲတည်းကိုပင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်ခုလုံးအတွက် ထည့်သွင်းရေတွက်မည်ဖြစ်သည်။[၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြို့နယ် ၂၆၇ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီဆို။ Mizzima။ 12 August 2025 တွင် ပြန်စစ်ပြီး။
  2. အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ။ Ministry of Information။ 2025-7-28 တွင် ပြန်စစ်ပြီး။
  3. အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ​ရွေး​ကောက်ပွဲများတွင် အချိုးကျကိုယ်ပြု(PR )စနစ်နှင့် နိုင်သူကုန်ယူ( FPTP)စနစ် ပူးတွဲကျင့်သုံးမည့် ရွှေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း။ Eleven Media။ 2025-7-30 တွင် ပြန်စစ်ပြီး။
  4. အချိုးကျ ကိုယ်စားပြုစနစ် ပါတီဆယ်ခု အကြံပြု။ BBC Burmese။ 17 August 2025 တွင် ပြန်စစ်ပြီး။
  5. အချိုးကျ ကိုယ်စားပြု (PR) စနစ် လွှတ်တော်တွင် ဆွေးနွေးမည်။ The Irrawaddy။ 17 August 2025 တွင် ပြန်စစ်ပြီး။
  6. အချိုးကျ ကိုယ်စားပြုစနစ် လွှတ်တော်မှာ ဆွေးနွေးမယ်။ BBC Burmese။ 18 August 2025 တွင် ပြန်စစ်ပြီး။
  7. PR စနစ်လေးမျိုးအကြောင်း လွှွတ်တော်မှာ ဆွေးနွေး။ RFA။ 16 August 2025 တွင် ပြန်စစ်ပြီး။
  8. ပုဒ်မ ၂၆၁ နှင့် အချိုးကျ ကိုယ်စားပြုစနစ် တပ်မတော် ဘာကြောင့် တင်သလဲ။ Irrawaddy။ 14 August 2025 တွင် ပြန်စစ်ပြီး။
  9. [ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ https://burma.irrawaddy.com/news/2013/04/09/37319.html]။ Irrawaddy။ 17 August 2025 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System - PR) အကြောင်း သိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ။ ပြန်ကြားရေးဝန်ကြီးဌာန။ ၂၃ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁ မဲကို စနစ် ၂ မျိုးအတွက် ရေတွက်မယ်။ BBC Burmese။ 27 August 2025 တွင် ပြန်စစ်ပြီး။