အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
---|---|
ဖွဲ့စည်းခြင်း | ၁၉၅၆ ခုနှစ် |
မိခင်ဌာန | သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန |
မိခင်အဖွဲ့အစည်း | သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန (အင်္ဂလိပ်: National Standards and Quality Department; ယခင် စံသတ်မှတ်ရေးဌာန) ကို ၁၉၅၆ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (ယခင် မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန) လက်အောက်ရှိ နည်းပညာအထောက်အပံ့ပေးသည့် ဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။[၁]
၂၀၁၅ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ်နှင့်အတူ စံသတ်မှတ်ရေးဌာနကို အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနသည် မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်းဌာနတွင် သိပ္ပံဌာနခွဲသုံးခု ပါဝင်သည်-
- စံချိန်စံညွှန်း ရေးဆွဲရေးဌာနခွဲ (Standards Development Division)
- အသိအမှတ်ပြုဌာနခွဲ (Accreditation Division)
- တိကျစွာတိုင်းတာခြင်း နည်းပညာဌာနခွဲ (National Institute of Metrology)
ရည်မှန်းချက်နှင့် ဥပဒေရေးရာဘောင်
[ပြင်ဆင်ရန်]အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနသည် စံချိန်စံညွှန်းများ ရေးဆွဲခြင်း၊ အသိအမှတ်ပြုခြင်းနှင့် တိကျစွာ တိုင်းတာခြင်း နည်းပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ယူ ဆောင်ရွက်သည်။ ဌာန၏ ဥပဒေရေးရာ နောက်ခံအနေဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၈) ဖြင့် ထုတ်ပြန်ကြေညာခဲ့သော စံချိန်စံညွှန်းသတ်မှတ်ခြင်းဥပဒေနှင့် တိကျစွာ တိုင်းတာခြင်း နည်းဥပဒေ (မူကြမ်း) တို့အရ ဆောင်ရွက်လျက်ရှိသည်။[၁]
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
[ပြင်ဆင်ရန်]သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (ISO) ၏ စာပေးစာယူအဖွဲ့ဝင် (Correspondence Member) အဖြစ် ၂၀၀၅ခုနှစ် မှ စတင် ဝင်ရောက်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (IEC ) သို့ ၂၀၀၇ ခုနှစ်တွင် ပေါင်းစည်းအဖွဲ့ဝင် (Affiliate Member) အဖြစ် ဝင်ရောက်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုတွင် နည်းပညာအတားအဆီးဆိုင်ရာ စုံစမ်းရေးဌာန (WTO/TBT Enquiry Point) အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သည်။
ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံစံချိန်စံညွှန်း နှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ (ACCSQ) ၏ တာဝန်ခံဌာန အဖြစ် ၁၉၉၇ ခုနှစ်မှစတင်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန ၏ ဌာနခွဲ (၃) ခုသည် ACCSQ ၏ လုပ်ငန်းအဖွဲ့ (၃) ခု ၏ တာဝန်ခံဌာနအဖြစ်ဆောင်ရွက်လျက်ရှိသည်။ စံချိန်စံညွှန်းရေးဆွဲရေးဌာနသည် (ACCSQ WG 1- Standards and MRA) ၏ တာဝန်ခံအဖြစ် လည်းကောင်း၊ အသိအမှတ်ပြုဌာနသည် (ACCSQ WG 2 – Accreditation and Conformity Assessment) ၏ တာဝန်ခံအဖြစ်လည်းကောင်း၊ တိကျစွာတိုင်းတာမှုနည်းပညာသိပ္ပံသည် (ACCSQ WG 3- Legal Metrology) ၏ တာဝန်ခံအဖြစ်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာစံချိန်စံညွှန်းများရေးဆွဲမှုနယ်ပယ်ပိုမိုကျယ်ပြန့်လာစေရေးအတွက် American Standards and Testing Materials (ASTM) နှင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံ ၏ အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား နိုင်ငံတကာမှ လက်ခံသော အသိအမှတ်ပြုခြင်း ဝန်ဆောင်မှု (Accreditation Service) ပေးနိုင်ရေးအတွက် စင်ကာပူ အသိအမှတ်ပြုကောင်စီ (SAC) နှင့် နားလည်မှုစာချွန်လွှာကို (၈-၆-၂၀၁၇) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန (Standardization Administration of the People’s Republic of China- SAC) နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(Department of Research and Innovation – DRI) တို့သည် One Belt One Road – OBOR စီးပွားရေးစင်္ကြန် တည်ဆောက်နိုင်ရေး နှင့် စံချိန်စံညွှန်းများ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ပူးတွဲပဏာမလုပ်ငန်း (Joint Initiative) အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တွင် လက်မှတ်ရေးထိုးခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန။ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန။ 2025-6-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-14 တွင် ပြန်စစ်ပြီး။