တိုင်းပြည်ပြုလွှတ်တော်
တိုင်းပြည်ပြုလွှတ်တော် Constituent Assembly of Burma | |
---|---|
![]() | |
သမိုင်းကြောင်း | |
တည်ထောင်ခြင်း | ၉ ဇွန် ၁၉၄၇ |
ဆက်ခံ | ပြည်ထောင်စုလွှတ်တော် |
ခေါင်းဆောင်များ | |
လွှတ်တော်ဥက္ကဋ္ဌ | |
ရွေးကောက်ပွဲများ | |
နောက်ဆုံး ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၄၇ |
လာမည့် ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၅၁ - ၁၉၅၂ |
ဆွေးနွေးရာနေရာ | |
ဂျူဗလီဟော၊ ရန်ကုန်မြို့ |
တိုင်းပြည်ပြုလွှတ်တော်ဆိုသည်မှာ တိုင်းပြည်တစ်ခုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲရန် ပြည်သူတို့က ရွေးကောက်တင်မြှောက်၍ အခွင့်အာဏာလွှဲအပ်ခြင်း ခံရသည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို ဆိုလိုသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပထမဆုံးအကြိမ် တိုင်းပြည်ပြုလွှတ်တော်အဖြစ် ၁၇၈၇ ခုနှစ်မှ ၁၇၉၁ ခုနှစ်အထိ ကျင်းပခဲ့သော ပြင်သစ် အမျိုးသား ကိုယ်စားလှယ်ညီလာခံသဘင်ကြီးကို ခေါ်ဝေါ်ခဲ့သည်။ ယင်းသို့ ခေါ်ဝေါ်ခဲ့ခြင်းမှာ ၁၇၉၁ ခုနှစ် ဥပဒေပြုလွှတ်တော်နှင့် ကွဲပြားခြားနားစေရန်အတွက် ဖြစ်သည်။ ထိုညီလာခံသဘင်ကြီးက ၁၇၉၁ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။
ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဥရောပနိုင်ငံအများအပြား၌လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဥရောပနှင့် အာရှနိုင်ငံအများအပြား၌လည်းကောင်း တိုင်းပြည်ပြုလွှတ်တော်များကို ခေါ်ယူ၍ အစည်းအဝေးများ ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံ၏ တိုင်းပြည်ပြုလွှတ်တော်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့သည့် အောင်ဆန်း-အက်တလီစာချုပ်အရ တိုင်းသူပြည်သားများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရန်အတွက် တိုင်းပြည်ပြုလွှတ်တော်တစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်သည့်အတိုင်း ထိုနှစ်ဧပြီလတွင် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ခဲ့သည်။
ရွေးကောက်ပွဲ စည်းမျဉ်းများ
[ပြင်ဆင်ရန်]တိုင်းပြည်ပြုလွှတ်တော်သို့ အရွယ်ရောက်သူတိုင်း မဲပေးနိုင်သည့်စနစ်ဖြင့် မြန်မာနိုင်ငံသားများကိုသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ ပြည်မအတွက် ကိုယ်စားလှယ်များကို ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အက်ဥပဒေအရ ပြဋ္ဌာန်းထားသည့် မဲဆန္ဒနယ်များအတိုင်း တစ်နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်ရန် သတ်မှတ်ခဲ့သည်။ ကိုယ်စားလှယ်ဦးရေမှာ ကရင်လူမျိုးများအတွက် ၂၄ ဦးနှင့် အင်္ဂလိပ်-မြန်မာကပြားများအတွက် ၄ ဦးအပါအဝင် စုစုပေါင်း ၂၁၀ ဦး ဖြစ်သည်။ နယ်စပ်ဒေသများအတွက် ၄၅ ဦး သတ်မှတ်ပေးခဲ့ရာ ရှမ်းပြည်အတွက် ၂၆ ဦး၊ ကချင်တောင်တန်းဒေသအတွက် ၇ ဦး၊ ချင်း ၈ ဦး၊ ကရင်နီ ၂ ဦးနှင့် သံလွင်ခရိုင်အတွက် ၂ ဦးတို့ ပါဝင်ခဲ့သည်။
ညီလာခံများ
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ သို့သော် တိုင်းပြည်ပြုလွှတ်တော်ညီလာခံ မကျင်းပမီ ပဏာမအနေဖြင့် ဖဆပလအဖွဲ့ကြီးသည် မေလအတွင်းတွင် ရန်ကုန်မြို့၊ ဂျူဗလီဟော၌ ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးတစ်ရပ်ကို ဖိတ်ခေါ်ကျင်းပခဲ့သည်။ ထိုညီလာခံသဘင်ကြီး၌ အချက် ၁၄ ချက် ပါဝင်သော အဆိုတစ်ရပ်ကို မေလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းအတည်ပြုခဲ့ရာ ယင်းသည် တိုင်းပြည်ပြုလွှတ်တော်က ရေးဆွဲအတည်ပြုရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်အတွက် အခြေခံပင် ဖြစ်ခဲ့သည်။
ပထမညီလာခံ
[ပြင်ဆင်ရန်]တိုင်းပြည်ပြုလွှတ်တော် ပထမညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့တွင် သခင်နုအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ဇွန်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ပြုလွှတ်တော်က ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် အခြေပြုရမည့် အချက်ကြီး ၇ ချက်ပါဝင်သော ရည်ညွှန်းပြဋ္ဌာန်းချက် အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။ ဇွန်လ ၁၈ ရက်နေ့တွင် အဖွဲ့ဝင် ၇၅ ဦးပါဝင်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြမ်းကော်မတီကြီးနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ပြီးနောက် တိုင်းပြည်ပြုလွှတ်တော် ပထမညီလာခံကို ရုပ်သိမ်းလိုက်သည်။
ဒုတိယညီလာခံ
[ပြင်ဆင်ရန်]ထိုအတောအတွင်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းအပါဝန်ကြီးများ လုပ်ကြံသတ်ဖြတ်ခြင်းခံရသဖြင့် တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို သခင်နုက ခေါင်းဆောင်ယူလိုက်ရသည်။ သို့ဖြစ်၍ တိုင်းပြည်ပြုလွှတ်တော် ဒုတိယညီလာခံကို ဇူလိုင်လ ၂၉ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ လစ်လပ်လျက်ရှိသော လွှတ်တော်ဥက္ကဋ္ဌကြီးနေရာတွင် ညောင်ရွှေစော်ဘွားကြီး စောရွှေသိုက်အား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုဒုတိယညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြမ်းကော်မတီက ရေးဆွဲခဲ့သော အခြေခံဥပဒေကြမ်းကို တင်ပြကာ ဂရုတစိုက် ဆွေးနွေးစဉ်းစားခဲ့ကြပြီး အခြေခံမူများကို လက်ခံလိုက်ကြသည်။
တတိယညီလာခံ
[ပြင်ဆင်ရန်]ထို့နောက် တတိယညီလာခံတွင် အပြီးသတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲတင်ပြရန် ရည်ညွှန်းချက်များနှင့်တကွ အခြေခံဥပဒေကြမ်း အချောရေးဆွဲရေးကော်မတီတစ်ရပ်သို့ အခြေခံဥပဒေကြမ်းကို လွှဲအပ်လိုက်ပြန်သည်။
တိုင်းပြည်ပြုလွှတ်တော် တတိယညီလာခံကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ကရင်နီကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြသည်။ အခြေခံဥပဒေကြမ်း အချောရေးဆွဲရေးကော်မတီက တင်ပြသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြမ်းကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် တညီတညွတ်တည်း အတည်ပြုလိုက်ကြသည်။ ထို့ပြင် ထိုညီလာခံမရုပ်သိမ်းမီ ညောင်ရွှေစော်ဘွားကြီး စောရွှေသိုက်အား နိုင်ငံတော် ယာယီသမ္မတအဖြစ်လည်းကောင်း၊ သခင်နုအား ပြည်ထောင်စု ယာယီအစိုးရ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ယင်းသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အချာအာဏာပိုင် သမ္မတနိုင်ငံဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၁ အရ တိုင်းပြည်ပြုလွှတ်တော်သည် ပါလီမန်လွှတ်တော် နည်းလမ်းကျနစွာ ဖွဲ့စည်းတည်ထောင်ပြီးသည်အထိ ယာယီပါလီမန်အဖြစ် ဆက်လက်တည်မြဲကာ တာဝန်ဝတ္တရားများကို ဆက်လက် ထမ်းဆောင်သွားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ ၅