ဝီကီပီးဒီးယား:မူပိုင်ခွင့်များ
![]() | ဤစာမျက်နှာသည် ဥပဒေရေးရာ ထည့်သွင်းစဉ်းစားမှုများ ပါဝင်သော မြန်မာဝီကီပီးဒီးယား၏ မူဝါဒတစ်ခုကို မှတ်တမ်းတင် ဖော်ပြထားသည်။။ |
ဆောင်းပါးပါ စာသား သို့မဟုတ် ပုံများကို ပြန်လည်အသုံးပြုရန် ဝီကီမီဒီယာ ဖောင်ဒေးရှင်းထံ ခွင့်ပြုချက် တောင်းခံခြင်း မပြုပါနှင့်။
- ဖောင်ဒေးရှင်းသည် ထိုအကြောင်းအရာများကို ပိုင်ဆိုင်ထားခြင်းမရှိသလို ခွင့်ပြုချက်လည်း မပေးနိုင်ပါ။ သင့်ကုမ္ပဏီ၊ ကျောင်း သို့မဟုတ် အဖွဲ့အစည်းမှ အကြောင်းအရာများ ကူးယူခြင်းမပြုမီ ဝက်ဘ်ဆိုဒ် အော်ပရေတာများထံမှ ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်ဆိုလျှင်ပင် ဤအချက်သည် သက်ဆိုင်ပါသည်။
ဝီကီမီဒီယာ ဖောင်ဒေးရှင်းထံ မည်သည့်အချိန်တွင် ဆက်သွယ်သင့်သနည်း
- ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ခွင့်ပြုချက် လိုအပ်သည့် တစ်ခုတည်းသော ဝီကီပီးဒီးယား အကြောင်းအရာမှာ ၎င်း၏ ကုန်ပစ္စည်းအမှတ်တံဆိပ် (trademark) ဖြစ်သော လိုဂိုများ အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုင်ရာ မူဝါဒနှင့် သက်ဆိုင်ပါသည်။
- မီဒီယာအဖွဲ့ဝင်များအတွက် Foundation:Press contacts ကို ကြည့်ရှုနိုင်ပြီး၊ အခြားသူများအတွက် Wikipedia:Contact us ကို ကြည့်ရှုနိုင်ပါသည်။
ဝီကီပီးဒီးယား ဆောင်းပါးပါ စာသားများကို ပြန်လည်အသုံးပြုခြင်း
- ဆောင်းပါးပါစာသားများကို ပြန်လည်အသုံးပြုခြင်းနှင့် ပြုပြင်မွမ်းမံခြင်း ခွင့်ပြုချက်ကို မူရင်းရေးသားသူများက open-content လိုင်စင်များအောက်တွင် ကြိုတင်ပေးအပ်ထားပြီးသား ဖြစ်သည်။ သို့သော် ထိုသို့အသုံးပြုခြင်းသည် သက်ဆိုင်ရာ လိုင်စင်စည်းမျဉ်းများကို လိုက်နာရမည်၊ သင့်လျော်သော ဂုဏ်ပြုဖော်ပြမှု ပေးရမည်ဖြစ်ပြီး ပြုပြင်မွမ်းမံမှုများကိုလည်း တူညီသော စည်းကမ်းချက်များအောက်တွင် လိုင်စင်ချထားပေးရမည် ဖြစ်သည်။
- ဝီကီပီးဒီးယားမှ အကြောင်းအရာများကို ပြန်လည်အသုံးပြုလိုပါက ပြန်လည်အသုံးပြုသူများ၏ အခွင့်အရေးများနှင့် ဝတ္တရားများ အပိုင်းကို ဦးစွာဖတ်ရှုပါ။ ထို့နောက် သက်ဆိုင်ရာ လိုင်စင်များဖြစ်သော Creative Commons Attribution-ShareAlike 4.0 International License နှင့် GNU Free Documentation License တို့ကို ပြန်လည်သုံးသပ်ပါ။
ပုံများကို ပြန်လည်အသုံးပြုခြင်း
- ဝီကီပီးဒီးယားပေါ်ရှိ ပုံများသည် ဆောင်းပါးစာသားများကဲ့သို့ တူညီသော လိုင်စင်အောက်တွင် အလိုအလျောက် ပါဝင်နေခြင်းမဟုတ်ပါ။ ပုံတစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင်လိုင်စင်ရှိပြီး ၎င်းကို တစ်ခုချင်းစီ သုံးသပ်ရပါမည်။ အချို့ပုံများကို လွတ်လပ်စွာ ပြန်လည်အသုံးပြုနိုင်သည်။ အချို့မှာမူ ကန့်သတ်ထားသော သို့မဟုတ် အခမဲ့မဟုတ်သော ပုံများဖြစ်ပြီး မူရင်းဖန်တီးသူ၏ ရှင်းလင်းသောခွင့်ပြုချက်မရရှိဘဲ ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း မပြုလုပ်ရပါ။ ဝီကီပီးဒီးယား မူဝါဒကို ချိုးဖောက်၍ တင်ထားသော ပုံတစ်ပုံကို ပြန်လည်အသုံးပြုပါက မူပိုင်ခွင့်ချိုးဖောက်မှု ဖြစ်ပေါ်နိုင်ပါသည်။
ဝီကီပီးဒီးယား၏ စာသားများကို ဝီကီပီးဒီးယား တည်းဖြတ်သူများနှင့် ပံ့ပိုးသူများက (Berne Convention အရ အလိုအလျောက်) မူပိုင်ခွင့် ပိုင်ဆိုင်ပြီး ယခင်က လစ်ဘရယ်လိုင်စင် တစ်ခု သို့ လိုင်စင်များစွာအောက်တွင် အများပိုင် သတ်မှတ်ခဲ့သည်။ ဝီကီပီးဒီးယား၏ စာသားအများစုနှင့် ယင်း၏ ပုံများစွာတို့ကို Creative Commons Attribution-ShareAlike 3.0 Unported License (CC BY-SA) နှင့် GNU Free Documentation License (GFDL) လိုင်စင်တို့ဖြင့် ပူးတွဲသတ်မှတ်ထားသည်။ အချို့သော စာသားများကို CC BY-SA နှင့် CC BY-SA-compatible license များဖြင့် သတ်မှတ်ထားပြီး GFDL အရ ပြန်လည်အသုံးပြုခွင့် မရှိပါ။ ယင်းသို့သော စာသားများအား စာမျက်နှာအောက်ခြေတွင်၊ စာမျက်နှာ ရာဇဝင်တွင်၊ သို့မဟုတ် ဆွေးနွေးချက် စာမျက်နှာတွင် ဖော်ပြထားသည်။ ပုံများတစ်ခုခြင်းစီတွင် ဖော်ပြချက် စာမျက်နှာတစ်ခုစီရှိပြီး မည်သည့်လိုင်စင်ဖြင့် ဖြန့်ချိသည်၊ အခမဲ့ဟုတ်မဟုတ်၊ အကြောင်းပြချက်များ စသည်တို့ကို ဖော်ပြထားသည်။
ကျွန်ုပ်တို့၏ အကြောင်းအရာများအား အခမဲ့ အသုံးပြုခွင့်ပေးသည့် ဝီကီပီးဒီးယားတွင် အသုံးပြုသော လိုင်စင်များသည် အခမဲ့ဆော့ဖ်ဝဲများက အခမဲ့အသုံးပြုခွင့်ပေးသော လိုင်စင်ကဲ့သို့သော သဘောတရားပင် ဖြစ်သည်။ ဝီကီပီးဒီးယား အကြောင်းအရာများကို ပြန်လည်အသုံးပြုရာတွင် တူညီသော လိုင်စင်သတ်မှတ်ချက်များအတိုင်း သတ်မှတ်ရန်နှင့် ဝီကီပီးဒီးယား ဆောင်းပါး၏ ရေးသားသူများအား အသိအမှတ်ပြုဖော်ပြခြင်း ပါဝင်မှသာလျှင် ကူးယူခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ချိခြင်းများ ပြုလုပ်နိုင်သည်။ (ဆောင်းပါး၏ လင့်ခ်အား ဖော်ပြခြင်းကို အသိအမှတ်ပြုဖော်ပြရန်အတွက် လိုအပ်ချက်များတွင် ကျေနပ်ဖွယ်ရာဟု ယေဘုယျအားဖြင့် ယူဆသည်။) ထို့ကြောင့် ကူးယူလိုက်သော ဝီကီပီးဒီးယား အကြောင်းအရာများသည် ဆီလျော်သော လိုင်စင်တစ်မျိုးမျိုးအောက်တွင် အခမဲ့ ဖြစ်နေဦးမည် ဖြစ်ပြီး အချို့သော ကန့်သတ်ချက်များမှအပ မည်သူမဆို ဆက်လက် အသုံးပြုနေနိုင်မည် ဖြစ်သည်။ ယင်းသဘောတရားကို ပုံမှန် မူပိုင်ခွင့်လိုင်စင်များနှင့် ယှဉ်ကာ copyleft ဟူ၍ သိရှိကြသည်။
ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက်၊
- ဝီကီပီးဒီးယား၏ စာသားများကို "en:Wikipedia:Text of the Creative Commons Attribution-ShareAlike 4.0 International License"၏ စည်းကမ်းချက်များအောက်တွင် ကူးယူခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းတို့ကို ခွင့်ပြုထားသည်။ ထို့ပြင်၊ အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက၊ ပြောင်းလဲ၍မရသော အပိုင်းများ၊ ရှေ့ဖုံးစာသားများ သို့မဟုတ် နောက်ဖုံးစာသားများမပါဝင်သည့် GNU Free Documentation License အောက်တွင်လည်း ခွင့်ပြုထားပါသည်။
- Creative Commons Attribution-ShareAlike 4.0 International License ၏ မိတ္တူကို "en:Wikipedia:Text of the Creative Commons Attribution-ShareAlike 4.0 International License" ဟူသော အခန်းတွင် ထည့်သွင်းဖော်ပြထားသည်။
- GNU Free Documentation License ၏ မိတ္တူကိုလည်း "GNU Free Documentation License" ဟူသော အခန်းတွင် ထည့်သွင်ဖော်ပြထားသည်။
- ဝီကီပီးဒီးယားရှိ အကြောင်းအရာများသည် အထွေထွေ သတိပေးချက်နှင့် သက်ဆိုင်သည်။
CC BY-SA နှင့် GFDL လိုင်စင်များ၏ အင်္ဂလိပ်ဘာသာ စာသားသည်သာလျှင် ဝီကီပီးဒီးယား အကြောင်းအရာများကို ရေးသားသူများနှင့် အသုံးပြုသူများအကြား ဥပဒေအရ တရားဝင်သက်ဆိုင်သည့် တစ်ခုတည်းသော ကန့်သတ်ချက်ဖြစ်သည်။ အောက်တွင် ဖော်ပြထားသည်မှာ အသုံးပြုသူများနှင့် ပံ့ပိုးကူညီသူများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည့် CC BY-SA နှင့် GFDL ကို ကျွန်ုပ်တို့၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။
ပံ့ပိုးကူညီသူများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ
ဝီကီပီးဒီးယားသို့ စာသားများကို တိုက်ရိုက် ပံ့ပိုးပေးပါက၊ ထိုစာသားများကို CC BY-SA နှင့် GFDL (မူကွဲမရှိ၊ ပြောင်းလဲ၍မရသော အခန်းများ၊ ရှေ့ဖုံးစာသားများ သို့မဟုတ် နောက်ဖုံးစာသားများမပါဝင်ဘဲ) တို့၏ စည်းကမ်းချက်များအောက်တွင် ပြန်လည်အသုံးပြုနိုင်ရန် အများပြည်သူသို့ လိုင်စင်သတ်မှတ်ထားပေးသည်။ စာသားမဟုတ်သော မီဒီယာများကိုမူ လွတ်လပ်စွာ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ဖြန့်ဝေခြင်းတို့ကို ခွင့်ပြုသည့် အထွေထွေပန်းတိုင်ကို အထောက်အကူပြုသော ကွဲပြားသည့် လိုင်စင်အမျိုးမျိုးအောက်တွင် ပံ့ပိုးပေးနိုင်သည်။ အသေးစိတ်ကို အောက်ဖော်ပြပါ ရုပ်ပုံများနှင့် အခြားမီဒီယာဖိုင်များအတွက် လမ်းညွှန်ချက်များတွင် ကြည့်ရှုနိုင်သည်။
သင်သည် အခြားနေရာတစ်ခုမှ တွေ့ရှိထားသော သို့မဟုတ် အခြားသူများနှင့်အတူ ပူးတွဲရေးသားထားသော စာသားကို တင်သွင်းလိုပါက၊ ထိုစာသားသည် CC BY-SA လိုင်စင်နှင့် ကိုက်ညီသော စည်းကမ်းချက်များအောက်တွင် ရရှိနိုင်မှသာ တင်သွင်းနိုင်သည်။ အကယ်၍ သင်သည် ထိုစာသား၏ တစ်ဦးတည်းသော မူပိုင်ခွင့်ပိုင်ရှင်မဟုတ်ပါက၊ တင်သွင်းထားသော စာသားသည် GNU Free Documentation License အောက်တွင် ရရှိနိုင်ကြောင်း သေချာစေရန် မလိုအပ်ပါ။ ထို့အပြင်၊ GFDL အောက်တွင်သာ ရရှိနိုင်သည့် အချက်အလက်များကို သင်သည် တင်သွင်း၍မရနိုင်ကြောင်း သတိပြုပါ။ တစ်နည်းအားဖြင့်ဆိုသော်၊ သင်သည် (က) CC BY-SA လိုင်စင်နှင့် ကိုက်ညီသော စည်းကမ်းချက်များအောက်တွင် လိုင်စင်တစ်ခုတည်း ရရှိထားသော စာသား သို့မဟုတ် (ခ) GFDL နှင့် CC BY-SA လိုင်စင်နှင့် ကိုက်ညီသော အခြားလိုင်စင်တစ်ခုခုပါ နှစ်ခုတွဲ လိုင်စင်ချထားသော စာသားကိုသာ တင်သွင်းနိုင်သည်။ အကယ်၍ သင်သည် ထိုအကြောင်းအရာ၏ တစ်ဦးတည်းသော မူပိုင်ခွင့်ပိုင်ရှင်ဖြစ်ပါက၊ ၎င်းကို CC BY-SA နှင့် GFDL နှစ်ခုစလုံးအောက်တွင် လိုင်စင်ချထားပေးရမည်ဖြစ်သည်။
အကယ်၍ အကြောင်းအရာ၊ စာသား သို့မဟုတ် မီဒီယာသည် ယခင်က ထုတ်ဝေပြီးဖြစ်ပြီး ၎င်းကို သင့်လျော်သော လိုင်စင်အောက်တွင် ဝီကီပီးဒီးယားသို့ လှူဒါန်းလိုပါက၊ ကျွန်ုပ်တို့၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများထဲမှ တစ်ခုကို အသုံးပြု၍ မူပိုင်ခွင့်ခွင့်ပြုချက်ကို အတည်ပြုရန် လိုအပ်သည်။ အသေးစိတ်ကို en:Wikipedia:Donating copyrighted materials တွင် ကြည့်ရှုနိုင်သည်။ အကယ်၍ သင်သည် မူပိုင်ခွင့်ပိုင်ရှင်မဟုတ်ပါက၊ မူပိုင်ခွင့်ခွင့်ပြုချက်ကို အတည်ပြုရန် လိုအပ်နေဦးမည်ဖြစ်သည်။ အသေးစိတ်ကို အောက်ဖော်ပြပါ သူတစ်ပါး၏ မူပိုင်ခွင့်ရထားသော လက်ရာများကို အသုံးပြုခြင်း အခန်းတွင် ကြည့်ရှုနိုင်သည်။
သင်သည် ဝီကီပီးဒီးယားသို့ ပံ့ပိုးပေးသော စာသားနှင့် မီဒီယာများအပေါ် မူပိုင်ခွင့်ကို ဆက်လက်ပိုင်ဆိုင်ထားသည်။ မူပိုင်ခွင့်သည် ဝီကီပီးဒီးယားသို့ လုံးဝ လွှဲပြောင်းပေးခြင်းမရှိပါ။ နောက်ပိုင်းတွင် ထိုအရာများကို သင်နှစ်သက်ရာ နည်းလမ်းဖြင့် ပြန်လည်ထုတ်ဝေနိုင်ပြီး ပြန်လည်လိုင်စင်ချထားနိုင်သည်။ သို့သော်၊ သင်ဤနေရာတွင် ထည့်သွင်းထားသော အကြောင်းအရာများ၏ မိတ္တူများအတွက် လိုင်စင်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း လုံးဝပြုလုပ်၍မရနိုင်ပါ။ ဤမိတ္တူများသည် သင့်မူပိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်အချိန် (လက်ရှိတွင် စာရေးသူ ကွယ်လွန်ပြီး ဆယ်စုနှစ်အနည်းငယ်အကြာ) တွင် အများပြည်သူပိုင် ဖြစ်သွားသည့်တိုင်အောင် ထိုလိုင်စင်အောက်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်သည်။
သူတစ်ပါး၏ မူပိုင်ခွင့်ရထားသော လက်ရာများကို အသုံးပြုခြင်း
နိုင်ငံတကာ သဘောတူညီချက်အရ၊ ဖန်တီးမှုဆိုင်ရာ လက်ရာအားလုံးသည် အများပြည်သူပိုင်အဖြစ်သို့ ရောက်ရှိသွားခြင်း သို့မဟုတ် ၎င်းတို့၏ မူပိုင်ခွင့်ကို ပြတ်သားစွာ စွန့်လွှတ်ထားခြင်း မရှိပါက မူပိုင်ခွင့် ရရှိပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ဝီကီပီးဒီးယားတွင် မူပိုင်ခွင့်ရထားသော လက်ရာများကို အသုံးပြုရန် ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။ မူပိုင်ခွင့်ရထားသော လက်ရာများကို ခွင့်ပြုချက်မရှိဘဲ တရားဝင် အသုံးပြုနိုင်သည့် အခြေအနေအချို့ ရှိသည်။ ထိုကဲ့သို့သော အကြောင်းအရာများကို မည်သည့်အချိန်၊ မည်သို့ အသုံးပြုရမည်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအတွက် ဝီကီပီးဒီးယား၏ လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာစာမျက်နှာကို ကြည့်ရှုပါ။ သို့သော် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဝီကီပီးဒီးယား၏ အကြောင်းအရာများကို တတ်နိုင်သမျှ လွတ်လပ်စွာ ပြန်လည်ဖြန့်ဝေနိုင်ရန် ဖြစ်သောကြောင့်၊ သင့်လျော်မျှတသည့် အသုံးပြုမှု (fair use) သို့မဟုတ် အခြားနည်းလမ်းများဖြင့် အသုံးပြုထားသော မူပိုင်ခွင့်ရ မီဒီယာဖိုင်များထက် CC BY-SA နှင့် GFDL (ဗားရှင်းမပါသော၊ မပြောင်းလဲနိုင်သော အပိုင်းများ၊ ရှေ့ဖုံးစာသားများ၊ သို့မဟုတ် နောက်ဖုံးစာသားများ မပါသော) လိုင်စင်များအောက်တွင်ရှိသော သို့မဟုတ် အများပြည်သူပိုင် (public domain) ဖြစ်သော မူရင်း ရုပ်ပုံများနှင့် အသံဖိုင်များကို ပိုမိုဦးစားပေးသည်။
အကယ်၍ သင်သည် အခြားနေရာမှ ရှာဖွေတွေ့ရှိထားသော မီဒီယာ (စာသားအပါအဝင်) ကို ထည့်သွင်းလိုပြီး ၎င်းသည် လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်နှင့် မကိုက်ညီပါက၊ ၎င်းသည် အများပြည်သူပိုင်ဖြစ်မှသာ သို့မဟုတ် CC BY-SA လိုင်စင်နှင့် ကိုက်ညီသော စည်းကမ်းချက်များအောက်တွင် ရရှိနိုင်မှသာ ထည့်သွင်းနိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် ရင်းမြစ်ကို ဖော်ပြရန် လိုအပ်သော ကိုက်ညီသည့် လိုင်စင်တစ်ခုအောက်တွင် မီဒီယာကို ထည့်သွင်းပါက၊ သင်သည် စာရေးသူ(များ)ကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် ဂုဏ်ပြုဖော်ပြရမည်။ ကိစ္စအများစုတွင် အကြောင်းအရာသည် ကိုက်ညီသော လိုင်စင်ရထားခြင်း သို့မဟုတ် အများပြည်သူပိုင်ဖြစ်ကြောင်းကိုလည်း သင်သည် အတည်ပြုစစ်ဆေးရမည်။ မူရင်းထုတ်ဝေသော ရင်းမြစ်တွင် မူပိုင်ခွင့်ဆိုင်ရာ ငြင်းဆိုချက် သို့မဟုတ် အကြောင်းအရာကို လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်း ဖော်ပြသည့် အခြားအချက်တစ်စုံတစ်ရာ ပါဝင်ပါက၊ မီဒီယာ၏ ဖော်ပြချက်စာမျက်နှာ သို့မဟုတ် ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာတွင် ၎င်းသို့ ချိတ်ဆက်ထားသော လင့်ခ်တစ်ခုသည် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။ အကယ်၍ သင်သည် မူပိုင်ခွင့်ပိုင်ရှင်ထံမှ မူပိုင်ခွင့်ရထားသော လက်ရာတစ်ခုကို ကိုက်ညီသော စည်းကမ်းချက်များဖြင့် အသုံးပြုရန် အထူးခွင့်ပြုချက် ရရှိခဲ့ပါက၊ သင်သည် ထိုအချက်ကို (သက်ဆိုင်ရာ အမည်များနှင့် ရက်စွဲများနှင့်အတူ) မှတ်သားထားရမည်ဖြစ်ပြီး လုပ်ငန်းစဉ်အများအပြားထဲမှ တစ်ခုခုဖြင့် ၎င်းကို အတည်ပြုစစ်ဆေးရမည်။ မူပိုင်ခွင့်ပိုင်ရှင်တစ်ဦးထံ ၎င်းတို့၏ လက်ရာအတွက် အသုံးပြုနိုင်သော လိုင်စင်တစ်ခုကို ခွင့်ပြုပေးရန် တောင်းဆိုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ထိုလိုင်စင်ကို ခွင့်ပြုပြီးဖြစ်ကြောင်း အတည်ပြုစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဝီကီပီးဒီးယား၏ မူပိုင်ခွင့် ခွင့်ပြုချက် တောင်းခံခြင်းစာမျက်နှာကို ကြည့်ရှုပါ။
သူတစ်ပါး၏ မူပိုင်ခွင့်များကို ချိုးဖောက်သော အကြောင်းအရာများကို မည်သည့်အခါမျှ မသုံးပါနှင့်။ ဤသည်မှာ တရားဥပဒေအရ တာဝန်ရှိမှုများကို ဖန်တီးနိုင်ပြီး ဝီကီပီးဒီးယားကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။ သံသယရှိပါက အကြောင်းအရာကို ကိုယ်တိုင်ရေးသားပါ၊ သို့မှသာ ဝီကီပီးဒီးယားတွင် အခက်အခဲမရှိ ထည့်သွင်းနိုင်သော မူပိုင်ခွင့်ရ လက်ရာသစ်တစ်ခုကို ဖန်တီးပြီးသား ဖြစ်မည်။
မူပိုင်ခွင့်ဥပဒေသည် အတွေးအခေါ်များ သို့မဟုတ် သတင်းအချက်အလက် ကိုယ်တိုင်ကို မဟုတ်ဘဲ၊ အတွေးအခေါ်များကို ဖန်တီးမှုဖြင့် ဖော်ပြခြင်းကို အုပ်ချုပ်ကြောင်း သတိပြုပါ။ ထို့ကြောင့် စွယ်စုံကျမ်းဆောင်းပါး သို့မဟုတ် အခြားလက်ရာတစ်ခုကို ဖတ်ရှုပြီးနောက် အယူအဆများကို သင်၏ကိုယ်ပိုင်စကားဖြင့် ပြန်လည်ရေးသားကာ ဝီကီပီးဒီးယားသို့ တင်သွင်းခြင်းသည် မူရင်းရင်းမြစ်နှင့် အလွန်အမင်း တူညီနေခြင်းမရှိသရွေ့ တရားဝင်ဖြစ်သည်။ (မည်မျှအထိ ပြန်လည်ရေးသားရန် လိုအပ်နိုင်သည်နှင့် အကျဉ်းချုပ်နှင့် အကျဉ်းချုံးဖော်ပြခြင်း ကွာခြားချက်အတွက် ကျွန်ုပ်တို့၏ မူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများကို ကြည့်ပါ)။ သို့သော် ထိုသို့ပြုလုပ်ရာတွင် မူရင်းကို ကိုးကားအဖြစ် ဖော်ပြခြင်းမရှိပါက (တရားမဝင်သော်လည်း) ကျင့်ဝတ်နှင့်မညီ ဖြစ်ပါလိမ့်မည် (စာပေခိုးချမှုဆိုင်ရာ လမ်းညွှန်ချက်ကို ကြည့်ပါ)။
မူပိုင်ခွင့်ရှိထားသော လက်ရာများသို့ ချိတ်ဆက်ခြင်း
မကြာသေးမီက ဖန်တီးထားသော လက်ရာအများစုသည် မူပိုင်ခွင့် ရရှိပြီးဖြစ်သောကြောင့် ၎င်း၏ ရင်းမြစ်များကို ကိုးကားသည့် ဝီကီပီးဒီးယား ဆောင်းပါးတိုင်းနီးပါးသည် မူပိုင်ခွင့်ရ အကြောင်းအရာများသို့ ချိတ်ဆက်နေမည်ဖြစ်သည်။ စာအုပ်ရေးသားသူတစ်ဦးသည် အခြားသူတစ်ဦး၏ လက်ရာကို ၎င်း၏ ကျမ်းကိုးစာရင်းတွင် ကိုးကားရန် ခွင့်ပြုချက် မလိုအပ်သကဲ့သို့၊ မူပိုင်ခွင့်ရ အကြောင်းအရာတစ်ခုသို့ မချိတ်ဆက်မီ မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုအပ်ပါ။ ထိုနည်းတူစွာ ဝီကီပီးဒီးယားသည် CC BY-SA သို့မဟုတ် ပွင့်လင်းအရင်းအမြစ် အကြောင်းအရာများကိုသာ ချိတ်ဆက်ရန် ကန့်သတ်ထားခြင်း မရှိပါ။
သို့ရာတွင် သင်သည် ပြင်ပဝဘ်ဆိုဒ်တစ်ခုမှ လက်ရာတစ်ခုကို မူပိုင်ခွင့်ချိုးဖောက်၍ ဖော်ပြထားကြောင်း သိရှိပါက သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာ သံသယရှိပါက၊ မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ထိုလက်ရာ၏ မိတ္တူသို့ မချိတ်ဆက်ပါနှင့်။ ဥပမာတစ်ခုမှာ နာမည်ကြီးသီချင်းများစွာ၏ စာသားများကို ၎င်းတို့၏ မူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်မရှိဘဲ တင်ထားသည့် ဆိုဒ်တစ်ခုသို့ ချိတ်ဆက်ခြင်းဖြစ်သည်။ မူပိုင်ခွင့်ကို ချိုးဖောက်သည့် ဆိုဒ်တစ်ခုသို့ အခြားသူများကို သိလျက်နှင့် တမင်တကာ ညွှန်ပြခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် အားပေးကူညီသော ချိုးဖောက်မှု ပုံစံတစ်မျိုးအဖြစ် သတ်မှတ်ခံခဲ့ရသည် (Intellectual Reserve v. Utah Lighthouse Ministry [၁]); ဥရောပသမဂ္ဂရှိ အထင်ကရအမှုတစ်ခုအတွက် GS Media v Sanomaကို နှိုင်းယှဉ်ကြည့်ပါ။ တစ်စုံတစ်ဦး၏ လက်ရာကို တရားမဝင် ဖြန့်ဝေနေသည့် စာမျက်နှာတစ်ခုသို့ ချိတ်ဆက်ခြင်းသည် ဝီကီပီးဒီးယားနှင့် ၎င်း၏ တည်းဖြတ်သူများအပေါ် ဂုဏ်သိက္ခာကျဆင်းစေသည်။
အမေရိကန်ပြည်ထောင်စုတွင် ဝဘ်မော်ကွန်းတိုက်များ (web archives) ၏ မူပိုင်ခွင့် အခြေအနေမှာ မရှင်းလင်းပါ။ ဝီကီပီးဒီးယားတွင်မူ၊ အချိန်ကာလအမျိုးမျိုး၌ ရယူထားသော ဝဘ်စာမျက်နှာများ၏ ပြုပြင်မထားသော မော်ကွန်းတင်မိတ္တူများကို လက်ခံဆောင်ရွက်ပေးသည့် the Wayback Machine ကဲ့သို့သော မော်ကွန်းတိုက်များသို့ ချိတ်ဆက်ခြင်းကို လက်ရှိတွင် လက်ခံနိုင်ဖွယ်ရှိသည်ဟု သတ်မှတ်ထားသည်။
ဝဘ်ဆိုဒ်တစ်ခုအကြောင်း ဆောင်းပါးများတွင်၊ ထိုဆိုဒ်ပေါ်၌ ဖြစ်နိုင်ခြေရှိသော မူပိုင်ခွင့်ချိုးဖောက်မှုများ တစ်နေရာရာတွင် ရှိနေလျှင်ပင် အဆိုပါဝဘ်ဆိုဒ်သို့ လင့်ခ်တစ်ခု ထည့်သွင်းခြင်းကို လက်ခံနိုင်ဖွယ်ရှိသည်။
အကြောင်းအရာ ဆက်စပ်မှုသည်လည်း အရေးကြီးသည်။ ဂုဏ်သိက္ခာရှိသော ဝဘ်ဆိုဒ်တစ်ခုမှ ရုပ်ရှင်တစ်ကားအပေါ် သုံးသပ်ချက်သို့ ချိတ်ဆက်ခြင်းသည်၊ ထိုသုံးသပ်ချက်တွင် ရုပ်ရှင်မှ ရုပ်ငြိမ်တစ်ပုံကို ဖော်ပြထားလျှင်ပင် လက်ခံနိုင်ဖွယ်ရှိသည် (ထိုသို့သောအသုံးပြုမှုများကို ဖြန့်ချိသူများက ပြတ်သားစွာ ခွင့်ပြုလေ့ရှိသည် သို့မဟုတ် တရားမျှတစွာ အသုံးပြုခြင်းအောက်တွင် ခွင့်ပြုသည်)။ သို့သော် ရုပ်ရှင်၏ ရုပ်ငြိမ်ပုံသို့ တိုက်ရိုက်ချိတ်ဆက်ခြင်းသည် အကြောင်းအရာ ဆက်စပ်မှုနှင့် ခွင့်ပြုထားသောအသုံးပြုမှု သို့မဟုတ် တရားမျှတစွာအသုံးပြုမှုအတွက် ဆိုဒ်၏ ကျိုးကြောင်းပြချက်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။
မူပိုင်ခွင့် ချိုးဖောက်မှုများ
သင့်လျော်သော သတိပေးချက်များ ပေးထားသော်လည်း မူပိုင်ခွင့်ရ အကြောင်းအရာများကို အကြိမ်ကြိမ် တင်နေသည့် ပါဝင်ရေးသားသူများကို နောက်ထပ်ပြဿနာများ မဖြစ်ပွားစေရန် မည်သည့် စီမံခန့်ခွဲသူ မဆိုက တည်းဖြတ်ခြင်းမှ ပိတ်ပင်နိုင်သည်။
အကယ်၍ သင်သည် မူပိုင်ခွင့် ချိုးဖောက်မှုဟု သံသယရှိပါက၊ အနည်းဆုံး ထိုစာမျက်နှာ၏ ဆွေးနွေးချက် စာမျက်နှာတွင် အဆိုပါကိစ္စကို တင်ပြသင့်သည်။ ထို့နောက် အခြားသူများက အခြေအနေကို စစ်ဆေးပြီး လိုအပ်ပါက အရေးယူဆောင်ရွက်နိုင်မည် ဖြစ်သည်။ အချို့ကိစ္စများသည် မှားယွင်းသော သတိပေးချက်များ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ဝဘ်ပေါ်ရှိ အခြားနေရာတွင် တွေ့နိုင်သော စာသားသည် အမှန်တကယ်တွင် မူလကတည်းက ဝီကီပီးဒီးယားမှ ကူးယူထားခြင်းဖြစ်ပါက ဝီကီပီးဒီးယားဘက်မှ မူပိုင်ခွင့် ချိုးဖောက်ခြင်း မဟုတ်ပါ။
စာမျက်နှာတစ်ခုတွင် မူပိုင်ခွင့်ကို ချိုးဖောက်သည့် အကြောင်းအရာ ပါဝင်နေပါက၊ ထိုအကြောင်းအရာကို ဖယ်ရှားသင့်သည်၊ အကယ်၍ အခြားအကြောင်းအရာမရှိပါက စာမျက်နှာ တစ်ခုလုံးကို ဖယ်ရှားသင့်သည်။ ပိုမိုသိရှိလိုပါက ဝီကီပီးဒီးယား:မူပိုင်ခွင့် ချိုးဖောက်မှုများ နှင့် အသေးစိတ် ညွှန်ကြားချက်များအတွက် ဝီကီပီးဒီးယား:မူပိုင်ခွင့် ပြဿနာများကို ကြည့်ရှုပါ။
ရုပ်ပုံများနှင့် အခြားမီဒီယာဖိုင်များအတွက် လမ်းညွှန်ချက်များ
ရုပ်ပုံများ၊ ဓာတ်ပုံများ၊ ဗီဒီယိုနှင့် အသံဖိုင်များသည် စာပေလက်ရာများကဲ့သို့ပင် မူပိုင်ခွင့် သက်ရောက်သည်။ လက်ရာတစ်ခုကို အများပြည်သူပိုင်အဖြစ်သို့ ပြတ်သားစွာ မထားရှိလျှင် တစ်စုံတစ်ဦးသည် မူပိုင်ခွင့်ကို ပိုင်ဆိုင်သည်။ အင်တာနက်ပေါ်ရှိ ရုပ်ပုံများ၊ ဗီဒီယိုနှင့် အသံဖိုင်များကို မူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ၎င်းတို့ကိုယ်စား လိုင်စင်ချပေးနိုင်သူထံမှ တိုက်ရိုက် လိုင်စင်ရယူရန် လိုအပ်သည်။ အချို့ကိစ္စများတွင် မူပိုင်ခွင့် တောင်းဆိုမှုများကို မည်သို့ပင်ဖြစ်စေ ဝီကီပီးဒီးယား၏ လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာ အသုံးပြုမှု မူဝါဒအရ ၎င်းတို့ကို အသုံးပြုရန် ခွင့်ပြုနိုင်သည်။
ဝီကီပီးဒီးယားတွင် မီဒီယာဖိုင်များကို အသုံးပြုခြင်းသည် ပုံအသုံးပြုခြင်း မူဝါဒ၏ လက်အောက်တွင်ရှိပြီး၊ ထပ်လောင်း၍ လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာများကို အသုံးပြုခြင်းကို ဝီကီပီးဒီးယား:လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာဖြင့် ထိန်းချုပ်သည်။ ရုပ်ပုံများ၏ တရားဝင် အခြေအနေကို ဖော်ပြရန်အတွက် ဝီကီပီးဒီးယား:ဖိုင်မူပိုင်ခွင့် စာတွဲများတွင် ဖော်ပြထားသည့်အတိုင်း ရုပ်ပုံ ဖော်ပြချက် စာမျက်နှာများကို အထူးစာတွဲ တစ်ခုဖြင့် ထည့်သွင်းထားရမည်။ စာတွဲမထည့်ထားသော သို့မဟုတ် မှားယွင်းစွာ စာတွဲထည့်ထားသော ရုပ်ပုံများကို ဖျက်ပစ်နိုင်သည်။
မီဒီယာ မူပိုင်ခွင့်ဆိုင်ရာ မေးခွန်းများကို ဝီကီပီးဒီးယား:မီဒီယာ မူပိုင်ခွင့် မေးခွန်းများ သို့ မေးမြန်းနိုင်ပြီး၊ ထိုနေရာတွင် ဝီကီပီးဒီးယား၏ မီဒီယာ မူပိုင်ခွင့် လမ်းညွှန်ချက်များနှင့် မူဝါဒများကို ရင်းနှီးကျွမ်းဝင်သော စေတနာ့ဝန်ထမ်းများက ယေဘုယျအားဖြင့် တာဝန်ယူဆောင်ရွက်ပေးသည်။
အဓိက သက်ရောက်သော မူပိုင်ခွင့် ဥပဒေ
ဝီကီမီဒီယာ ဖောင်ဒေးရှင်းသည် အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်ပြီး ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ မူပိုင်ခွင့် ဥပဒေဖြင့် ထိန်းချုပ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဝီကီပီးဒီးယား၏ ပူးတွဲတည်ထောင်သူ ဂျင်မီဝေးလ်စ်၏ အဆိုအရ၊ ဝီကီပီးဒီးယားသို့ ပါဝင်ရေးသားသူများသည် အမေရိကန်ပြည်ထောင်စုနှင့် တရားဝင် မူပိုင်ခွင့် ဆက်ဆံရေး မရှိသည့်တိုင် အခြားနိုင်ငံများ၏ မူပိုင်ခွင့် ဥပဒေကို လေးစားလိုက်နာသင့်ပါသည်။[၂]
အမေရိကန်ပြည်ထောင်စု မဟုတ်သော မူပိုင်ခွင့် ဥပဒေများ၏ အကျဉ်းချုပ်ကို၊ အမေရိကန်ပြည်ထောင်စုအတွင်း အကြောင်းအရာများ၏ မူပိုင်ခွင့် အခြေအနေကို ဆုံးဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ အပါအဝင်၊ ဝီကီပီးဒီးယား:အမေရိကန်ပြည်ထောင်စု မဟုတ်သော မူပိုင်ခွင့်များတွင် ကြည့်ရှုနိုင်သည်။
ပြန်လည်အသုံးပြုသူများ၏ အခွင့်အရေးများနှင့် ဝတ္တရားများ
သင်သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်းသို့ ဆက်သွယ်သင့်သည့် တစ်ခုတည်းသော ဝီကီပီးဒီးယား အကြောင်းအရာမှာ ကုန်အမှတ်တံဆိပ်ပါ ဝီကီပီးဒီးယား/ဝီကီမီဒီယာ လိုဂိုများဖြစ်ပြီး၊ ၎င်းတို့ကို ခွင့်ပြုချက်မရှိဘဲ လွတ်လပ်စွာ အသုံးမပြုနိုင်ပါ (မီဒီယာမှ အဖွဲ့ဝင်များအနေဖြင့် Foundation:Press room)၊ အခြားသူများအနေဖြင့် ဝီကီပီးဒီးယား:ဆက်သွယ်ရန်ကို ကြည့်ပါ)။ အကယ်၍ သင်သည် အခြား ဝီကီပီးဒီးယား အကြောင်းအရာများကို သင်၏ကိုယ်ပိုင် စာအုပ်များ/ဆောင်းပါးများ/ဝဘ်ဆိုဒ်များ သို့မဟုတ် အခြားသော ထုတ်ဝေမှုများတွင် အသုံးပြုလိုပါက၊ ၎င်းကို လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာဆိုင်ရာ ပြဋ္ဌာန်းချက်များအောက်တွင် အသုံးမပြုထားလျှင် အသုံးပြုနိုင်သည်—သို့သော် လိုင်စင်စည်းကမ်းချက်များနှင့်အညီသာ ဖြစ်ရမည်။ ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပါ။
စာသားကို ပြန်လည်အသုံးပြုခြင်း
- ရင်းမြစ်ကို ဖော်ပြခြင်း (Attribution)
- ဝီကီပီးဒီးယားပေါ်ရှိ စာသားကို မည်သည့်ပုံစံဖြင့်မဆို ပြန်လည်ဖြန့်ဝေရန်၊ စာရေးသူများကို ဂုဏ်ပြုဖော်ပြရမည်ဖြစ်ပြီး၊ ထိုသို့ပြုလုပ်ရာတွင် (က) သင်ပြန်လည်အသုံးပြုနေသော စာမျက်နှာ(များ)သို့ ဟိုက်ပါလင့်ခ် (hyperlink) (ဖြစ်နိုင်လျှင်) သို့မဟုတ် URL တစ်ခု၊ (ခ) လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ လိုင်စင်နှင့် ကိုက်ညီကာ၊ ဤဝဘ်ဆိုဒ်တွင် ပေးထားသော ဂုဏ်ပြုမှုနှင့် ညီမျှသော နည်းလမ်းဖြင့် စာရေးသူများကို ဂုဏ်ပြုဖော်ပြသည့် အခြားရွေးချယ်စရာ၊ အပြောင်းအလဲမရှိသော အွန်လိုင်းမိတ္တူတစ်ခုသို့ ဟိုက်ပါလင့်ခ် (ဖြစ်နိုင်လျှင်) သို့မဟုတ် URL တစ်ခု၊ သို့မဟုတ် (ဂ) စာရေးသူများအားလုံး၏ စာရင်းတစ်ခု ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ (မည်သည့် စာရေးသူစာရင်းမဆို အလွန်သေးငယ်သော သို့မဟုတ် မသက်ဆိုင်သော ပါဝင်ရေးသားမှုများကို ဖယ်ထုတ်ရန် စစ်ထုတ်နိုင်ပါသည်။) ဤသည်မှာ ဝီကီပီးဒီးယား အသိုက်အဝန်းမှ ရေးသားပြုစုထားသော စာသားများနှင့် သက်ဆိုင်သည်။ ပြင်ပရင်းမြစ်များမှ စာသားများသည် လက်ရာအတွက် ထပ်လောင်း ရင်းမြစ်ဖော်ပြရန် လိုအပ်ချက်များ ပါဝင်နိုင်ပြီး၊ ၎င်းကို ဆောင်းပါး၏ စာမျက်နှာပေါ်တွင်ဖြစ်စေ၊ ၎င်း၏ ဆွေးနွေးချက် စာမျက်နှာတွင်ဖြစ်စေ ဖော်ပြထားသင့်သည်။ ဥပမာအားဖြင့်၊ စာမျက်နှာတစ်ခုတွင် ၎င်း၏ အကြောင်းအရာအချို့ သို့မဟုတ် အားလုံးကို အခြားနေရာတွင် မူလက ထုတ်ဝေခဲ့ကြောင်း ညွှန်ပြသည့် ဘန်နာ သို့မဟုတ် အခြားမှတ်သားချက်တစ်ခု ရှိနေနိုင်သည်။ ထိုသို့သော မှတ်သားချက်များသည် စာမျက်နှာကိုယ်တိုင်တွင် မြင်နိုင်လျှင် ပြန်လည်အသုံးပြုသူများက ယေဘုယျအားဖြင့် ၎င်းတို့ကို ထိန်းသိမ်းထားသင့်သည်။
- တူညီသော လိုင်စင်ဖြင့် ပြန်လည်မျှဝေခြင်း (Copyleft/Share Alike)
- အကယ်၍ သင်သည် ပြန်လည်အသုံးပြုသော စာမျက်နှာကို ပြုပြင်မွမ်းမံမှုများ သို့မဟုတ် ဖြည့်စွက်မှုများ ပြုလုပ်ပါက၊ ၎င်းတို့ကို Creative Commons Attribution-ShareAlike 4.0 International License သို့မဟုတ် နောက်ပိုင်းလိုင်စင်အောက်တွင် လိုင်စင်တင်ရမည်။
- အပြောင်းအလဲများကို ဖော်ပြပါ (Indicate changes)
- အကယ်၍ သင်သည် ပြုပြင်မွမ်းမံမှုများ သို့မဟုတ် ဖြည့်စွက်မှုများ ပြုလုပ်ပါက၊ မူရင်းလက်ရာကို ပြုပြင်မွမ်းမံထားကြောင်း ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် ဖော်ပြရမည်။ ဥပမာအားဖြင့်၊ သင်သည် စာမျက်နှာကို ဝီကီတစ်ခုတွင် ပြန်လည်အသုံးပြုနေပါက၊ ၎င်းကို စာမျက်နှာ ရာဇဝင်တွင် ဖော်ပြခြင်းသည် လုံလောက်ပါသည်။
- လိုင်စင်ဆိုင်ရာ အသိပေးချက် (Licensing notice)
- သင်ဖြန့်ဝေသော မိတ္တူ သို့မဟုတ် ပြုပြင်ထားသော ဗားရှင်းတိုင်းတွင် လက်ရာသည် CC BY-SA အောက်တွင် ထုတ်ဝေထားကြောင်း ဖော်ပြသည့် လိုင်စင်ဆိုင်ရာ အသိပေးချက်တစ်ခုနှင့် (က) လိုင်စင်၏ စာသားသို့ ဟိုက်ပါလင့်ခ် သို့မဟုတ် URL တစ်ခု သို့မဟုတ် (ခ) လိုင်စင်၏ မိတ္တူတစ်စောင် ပါဝင်ရမည်။ ဤရည်ရွယ်ချက်အတွက် သင့်လျော်သော URL မှာ- https://creativecommons.org/licenses/by-sa/4.0/ ဖြစ်သည်။
နောက်ထပ် အချက်အလက်များအတွက်၊ CC BY-SA လိုင်စင်၏ တရားဝင် စည်းမျဉ်းများကို ကိုးကားပါ။
GNU Free Documentation License အောက်တွင် စာသားကို ထပ်လောင်းရရှိနိုင်ခြင်း
ကိုက်ညီမှုရှိစေရန်အတွက်၊ CC BY-SA သို့မဟုတ် CC BY-SA နှင့် ကိုက်ညီသော လိုင်စင်အောက်တွင်သာ သီးသန့်ရရှိနိုင်သော စာသားမပါဝင်သည့် မည်သည့်စာမျက်နှာမဆို GNU Free Documentation License (GFDL) ၏ စည်းကမ်းချက်များအောက်တွင်လည်း ရရှိနိုင်သည်။ စာမျက်နှာတစ်ခုသည် GFDL အောက်တွင် ရရှိနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်၊ GFDL နှင့် မကိုက်ညီသော တစ်ခုတည်းသော လိုင်စင်ရ အကြောင်းအရာ၏ ရင်းမြစ်ဖော်ပြချက်အတွက် စာမျက်နှာအောက်ခြေ၊ စာမျက်နှာ ရာဇဝင်နှင့် ဆွေးနွေးချက် စာမျက်နှာတို့ကို ပြန်လည်စစ်ဆေးပါ။ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်မတိုင်မီ ဝီကီပီးဒီးယားတွင် ထုတ်ဝေခဲ့သော စာသားအားလုံးကို GFDL အောက်တွင် ထုတ်ဝေခဲ့သောကြောင့်၊ သင်သည် ထိုနေ့မတိုင်မီ ထုတ်ဝေခဲ့သော အကြောင်းအရာကို ပြန်လည်ရယူရန် စာမျက်နှာ ရာဇဝင်ကို အသုံးပြုခြင်းဖြင့် GFDL နှင့် ကိုက်ညီမှုကို သေချာစေနိုင်ပါသည်။
စာသားမဟုတ်သော မီဒီယာကို ပြန်လည်အသုံးပြုခြင်း
အခြားနည်းဖြင့် မှတ်သားမထားပါက၊ စာသားမဟုတ်သော မီဒီယာဖိုင်များသည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း လိုင်စင်မူဝါဒနှင့် ကိုက်ညီသော အမျိုးမျိုးသော free culture လိုင်စင်များအောက်တွင် ရရှိနိုင်သည်။ မည်သည့်မီဒီယာဖိုင်၏ လိုင်စင်အကြောင်း အသေးစိတ်သိရှိရန်အတွက် မီဒီယာ ဖော်ပြချက် စာမျက်နှာကို ကြည့်ရှုပါ။
လွတ်လပ်စွာအသုံးမပြုနိုင်သော အကြောင်းအရာများနှင့် အထူးလိုအပ်ချက်များ
ဝီကီပီးဒီးယား ဆောင်းပါးများတွင် ကျွန်ုပ်တို့၏ လွတ်လပ်စွာအသုံးမပြုနိုင်သည့် အကြောင်းအရာများအတွက် လမ်းညွှန်ချက်များနှင့်အညီ အမေရိကန် မူပိုင်ခွင့် ဥပဒေ၏ "တရားမျှတစွာ အသုံးပြုခြင်း" (fair use) အယူဝါဒအောက်တွင် ကိုးကားချက်များ၊ ရုပ်ပုံများ သို့မဟုတ် အခြားမီဒီယာများလည်း ပါဝင်နိုင်ပါသည်။ ဝီကီပီးဒီးယားတွင်၊ ထိုသို့သော "တရားမျှတစွာ အသုံးပြုခြင်း" အကြောင်းအရာကို သင့်လျော်သော နည်းလမ်းဖြင့် ပြင်ပရင်းမြစ်မှဖြစ်ကြောင်း ခွဲခြားဖော်ပြသင့်သည် (ရုပ်ပုံဖော်ပြချက် စာမျက်နှာ သို့မဟုတ် ရာဇဝင် စာမျက်နှာတွင် သင့်လျော်သလို ဖော်ပြခြင်း၊ ကိုးကားချက်များကို ဝီကီပီးဒီးယား၏ စတိုင်လ်လက်စွဲနှင့်အညီ quotation marks သို့မဟုတ် block quotation ဖြင့် ဖော်ပြသင့်သည်)။ ဤသည်မှာ ဝီကီပီးဒီးယားမှ ရယူထားသော ထို "တရားမျှတစွာ အသုံးပြုခြင်း" အကြောင်းအရာကို ဝီကီပီးဒီးယားပြင်ပတွင် အသုံးပြုမှုအပေါ် ဖြစ်နိုင်ခြေရှိသော ကန့်သတ်ချက်များဆီသို့ ဦးတည်စေသည်။ ဤ "တရားမျှတစွာ အသုံးပြုခြင်း" အကြောင်းအရာသည် CC BY-SA သို့မဟုတ် GFDL လိုင်စင်အောက်သို့ မကျရောက်ဘဲ၊ မီဒီယာကို ရယူသည့် နိုင်ငံရှိ "တရားမျှတစွာ အသုံးပြုခြင်း" (သို့မဟုတ် အလားတူ/ကွဲပြားသော) စည်းမျဉ်းများအောက်သို့ ကျရောက်သည်။
၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်မတိုင်မီ၊ ဝီကီပီးဒီးယားသည် GFDL နှင့် ကိုက်ညီသော်လည်း မူရင်း ဝီကီပီးဒီးယား စာသားအတွက် မလိုအပ်သော ထပ်ဆောင်းစည်းကမ်းချက်များ (ဥပမာ Invariant Sections, Front-Cover Texts, or Back-Cover Texts များ ထည့်သွင်းခြင်း) လိုအပ်နိုင်သည့် လိုင်စင်များအောက်တွင် အချို့စာသားများကို ခွင့်ပြုခဲ့သည်။ သို့သော် ဤအကြောင်းအရာများကို မူရင်းမူပိုင်ခွင့်ပိုင်ရှင်များက ၎င်းတို့ကို ဆက်လက်သယ်ဆောင်ရန် မတောင်းဆိုမှသာ ထားရှိနိုင်ခဲ့သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ပြန်လည်အသုံးပြုရန်အတွက် အထူးဝန်ထုပ်ဝန်ပိုး မဖြစ်စေပါ။
ဝီကီပီးဒီးယားအတွင်း စာသားကို ပြန်လည်အသုံးပြုခြင်း
သင်သည် ဆောင်းပါးတစ်ပုဒ်ကို ပေါင်းစပ်ခြင်း သို့မဟုတ် ခွဲထုတ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် စာသားကို ဝီကီပီးဒီးယားအတွင်း စာမျက်နှာတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းသောအခါ၊ စာမျက်နှာ ရာဇဝင်၏ လုပ်ဆောင်နိုင်စွမ်းသည် အကြောင်းအရာသည် မူလက မည်သည့်နေရာမှ လာသည်ကို ၎င်းဘာသာ ဆုံးဖြတ်နိုင်ခြင်းမရှိပါ။ ဤသည်မှာ ပရောဂျက်၏ လိုင်စင်များပါ ရင်းမြစ်ဖော်ပြခြင်းဆိုင်ရာ အပိုဒ်ကို ချိုးဖောက်ရာ ရောက်နိုင်ပါသည်။ အကယ်၍ သင်သည် ဝီကီပီးဒီးယားအတွင်း စာသားကို ကူးယူနေပါက၊ သင်သည် အနည်းဆုံး ပစ်မှတ် စာမျက်နှာ၏ တည်းဖြတ်မှု အကျဉ်းချုပ်တွင် ရင်းမြစ် စာမျက်နှာသို့ လင့်ခ်တစ်ခုကို ထည့်သွင်းရမည်။ ရင်းမြစ် စာမျက်နှာတွင်လည်း အလားတူ ပြုလုပ်ရန်နှင့် စာမျက်နှာနှစ်ခုလုံး၏ ဆွေးနွေးချက် စာမျက်နှာများတွင် အသိပေးချက်များ ထည့်သွင်းရန် တိုက်တွန်းသည်။
အကယ်၍ သင်သည် သင်ကိုယ်တိုင် ဖန်တီးခဲ့သော စာသားကို ပြန်လည်အသုံးပြုပါက၊ အထက်ပါအတိုင်း ပြုလုပ်ခြင်းသည် ရှုပ်ထွေးမှုကို ရှောင်ရှားရန် ကောင်းမွန်သော အတွေးအခေါ်တစ်ခု ဖြစ်နေနိုင်သော်လည်း၊ ၎င်းသည် မဖြစ်မနေ လိုအပ်သည်တော့ မဟုတ်ပါ။
ဝီကီပီးဒီးယားတွင် တင်ထားသော သင်ပိုင်ဆိုင်သည့် အကြောင်းအရာကို သင်၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခံနေရပါက
အကယ်၍ သင်သည် ဝီကီပီးဒီးယားပေါ်တွင် သင်၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေသည့် အကြောင်းအရာတစ်ခု၏ ပိုင်ရှင်ဖြစ်ပါက၊ ထိုစာမျက်နှာကို ဝီကီပီးဒီးယားမှ ချက်ချင်းဖယ်ရှားရန် သင် တောင်းဆိုနိုင်သည်၊ မူပိုင်ခွင့်ချိုးဖောက်မှု ချက်ချင်းဖယ်ရှားရန် တောင်းဆိုခြင်းကို ကြည့်ရှုပါ။ ၎င်းကို အပြီးတိုင် ဖယ်ရှားရန်အတွက် ကျွန်ုပ်တို့၏ သတ်မှတ်ထားသော ကိုယ်စားလှယ်ကိုလည်း ဆက်သွယ်နိုင်သည် (သို့သော် ထိုနည်းလမ်းဖြင့် စာမျက်နှာကို ဖျက်ရန် တစ်ပတ်အထိ ကြာနိုင်သည်)။ သင်သည် စာမျက်နှာကို ဗလာဖြစ်အောင်လုပ်ပြီး ၎င်းနေရာတွင် {{copyvio|URL သို့မဟုတ် သင်စာသားကိုထုတ်ဝေခဲ့သည့်နေရာ}}
ဟူသော စကားလုံးများဖြင့် အစားထိုးနိုင်သည်၊ သို့သော် စာသားသည် စာမျက်နှာ ရာဇဝင်တွင် ရှိနေဦးမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် သင်၏ ပိုင်ဆိုင်မှု တောင်းဆိုချက်ကို ထောက်ခံရန် အထောက်အထားအချို့ လိုအပ်သည်။
ပြောင်းပြန်အားဖြင့်၊ အကယ်၍ သင်သည် ဝီကီပီးဒီးယား ဆောင်းပါးတစ်ပုဒ်၏ တည်းဖြတ်သူဖြစ်ပြီး ရင်းမြစ်ဖော်ပြခြင်းအတွက် လိုင်စင်လိုအပ်ချက်များကို မလိုက်နာဘဲ တင်ထားသော မိတ္တူတစ်ခုကို တွေ့ရှိပါက၊ ကျေးဇူးပြု၍ ဝီကီပီးဒီးယား:လိုင်စင်ချိုးဖောက်မှုဆိုင်ရာ စံပြု စာလွှာကို ကြည့်ရှုပါ။