မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဦးဆောင်မှုဖြင့် ဗြိတိသျှအင်ပါယာလက်အောက်မှ ဒီမိုကရက်တစ်နိုင်ငံအဖြစ် လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး စစ်အုပ်ချုပ်ရေးသည် ၁၉၅၈ ခုနှစ်တွင် စတင်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံပြိုကွဲခြင်းမှ ကယ်တင်မည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်အောက်တွင် ၂၆ နှစ်ကြာ စစ်အာဏာရှင်စနစ် (ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်) အဖြစ် တည်ရှိခဲ့သည်။ ဤကာလအတွင်း ပြည်သူများအား ရွေးကောက်ပွဲတွင် မဲပေးခွင့်နှင့် ဝင်ရောက်အရွေးခံခွင့်ပေးခြင်း ကဲ့သို့သော ဒီမိုကရေစီဆန်သည့် အခြေအနေအချို့ ရှိခဲ့သည်။[]

လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ကာလအများစုတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ပြင်းထန်သော တိုင်းရင်းသား ပဋိပက္ခများဖြင့် နစ်မွန်းနေခဲ့ပြီး ၎င်း၏ အမျိုးမျိုးသော တိုင်းရင်းသားအုပ်စုများသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲများထဲမှ တစ်ခုတွင် ပါဝင်ပတ်သက်နေခဲ့သည်။ ၎င်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် သမိုင်းတစ်လျှောက်တွင် အကြမ်းတမ်းဆုံး နိုင်ငံများထဲမှ တစ်ခုအဖြစ်လည်း လူသိများသည်။ ဤကာလအတွင်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများစွာက နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်နှင့် စနစ်တကျ ဖြစ်ပွားနေကြောင်း အစီရင်ခံခဲ့ကြသည်။[]

နိဒါန်း

[ပြင်ဆင်ရန်]

အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ ပေါင်းဆုံရာတွင် တည်ရှိသည်။ ၎င်းသည် တရုတ်လာအိုထိုင်းအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ဟူ၍ နိုင်ငံငါးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြန်မာနိုင်ငံသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမျိုးသားတပ်မတော်၏ ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှအင်ပါယာလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။[]

၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂဠုန်ဦးစောဦးဆောင်သော ပြိုင်ဘက်များ၏ လုပ်ကြံခြင်းကို ခံခဲ့ရသော်လည်း၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဦးနု ဦးဆောင်မှုအောက်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းချိန်မှစ၍ 'တပ်မတော်' ဟု လူသိများသော လက်နက်ကိုင်တပ်ဖွဲ့များသည် လွတ်လပ်ရေးရရှိရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်အောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံ၏ ကနဦးကာလတွင် တပ်မတော်သည် လေးစားခံရသော အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပြီး နိုင်ငံကို ကာကွယ်သူအဖြစ် ရှုမြင်ခဲ့ကြသည်။ တပ်မတော်က ၎င်းကိုယ်တိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တည်ထောင်သူ ဖြစ်သည်ဟုလည်းကောင်း၊ ပြည်တွင်းစစ်ကာလအတွင်း နိုင်ငံကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းထားနိုင်ခဲ့သော အဓိကအင်အားစုဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံပြိုကွဲခြင်းမှ ကာကွယ်ပေးခဲ့သည်ဟုလည်းကောင်း အခိုင်အမာ ပြောဆိုခဲ့သည်။[]

လွတ်လပ်ရေးရရှိပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဦးနုကို လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ဦးနုဦးဆောင်သော အသစ်ဖွဲ့စည်းထားသော အရပ်သားအစိုးရသည် ပြည်တွင်းပြဿနာများ၊ တိုင်းရင်းသားပြဿနာများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများ၊ စီမံခန့်ခွဲမှု အားနည်းမှုများ နှင့် လက်နက်ကိုင် တိုင်းရင်းသားပုန်ကန်မှုများ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၅၈ ခုနှစ်တွင် ဖဆပလအဖွဲ့ချုပ်အတွင်း ပြိုကွဲမှုတစ်ခု ပေါ်ပေါက်လာပြီး စစ်ဘက်အရာရှိများ၏ အာဏာသိမ်းမှုကို နှိုးဆွပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ထိုအခြေအနေကို ထိန်းသိမ်းရန်အတွက် ဦးနုက တပ်မတော်အား အိမ်စောင့်အစိုးရ ဖွဲ့စည်းရန် ဖိတ်ခေါ်ခဲ့သည်။[]

၁၉၅၈-၆၀ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့သည်။ အိမ်စောင့်အစိုးရသည် ကနဦးတွင် အရည်အချင်းပြည့်ဝသော နိုင်ငံတစ်ခု တည်ဆောက်ရန် စိတ်ဝင်စားပုံရသည်။ ၎င်းသည် အကျင့်ပျက်ခြစားမှုကို လျှော့ချခဲ့ပြီး၊ အုပ်ချုပ်ရေးလုပ်ငန်း ထိရောက်မှုကို တိုးတက်စေခဲ့ကာ၊ လက်နက်ကိုင်တပ်ဖွဲ့ငယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ စစ်အစိုးရက ၁၉၆၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည်။[]

၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ဦးနု၏ပါတီက အရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ဦးနုဦးဆောင်သော အရပ်သားအစိုးရသည် အခြေအနေကို ဖြေရှင်း၍ တိုးတက်အောင် မဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ၏ အမျိုးသားစည်းလုံးမှုကိုပါ ခြိမ်းခြောက်ခဲ့သောကြောင့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အာဏာသိမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ အာဏာသိမ်းရခြင်း၏ အဓိကအကြောင်းရင်းများမှာ နိုင်ငံရေးအတွင်း ပဋိပက္ခများ၊ မူဝါဒဆိုင်ရာ ကြန့်ကြာမှုများ၊ ကြီးမားသည့် လက်နက်ကိုင်ပုန်ကန်မှုများစွာနှင့် စီးပွားရေးကျဆင်းမှုတို့ ရောနှောပါဝင်နေသည်။ အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းကာ၊ မြန်မာနိုင်ငံကို အမိန့်ဖြင့် အုပ်ချုပ်ရန် တော်လှန်ရေးကောင်စီကို ခန့်အပ်ခဲ့သည်။[]

၁၉၆၂ မှ ၂၀၁၁

[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ အစိုးရပုံစံကို အဆုံးသတ်စေခဲ့ပြီး ၁၉၇၄ ခုနှစ်အထိ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို စတင်စေခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အုပ်ချုပ်ရေးကာလအတွင်း နိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဦးဆောင်သော တစ်ပါတီစနစ် ဆိုရှယ်လစ်နိုင်ငံအဖြစ် ၁၉၈၈ ခုနှစ်အထိ ပုံဖော်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလကို နေဝင်းခေတ်အဖြစ် မှတ်သားနိုင်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလကို အဆင့်နှစ်ဆင့် ခွဲခြားနိုင်သည်။ ပထမအဆင့်မှာ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တိုက်ရိုက်စစ်အုပ်ချုပ်ရေး ကာလဖြစ်ပြီး၊ ဒုတိယအဆင့်မှာ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော အာဏာရှင်စနစ် (Constitutional Dictatorship) ကာလဖြစ်သည်။[]

၂၀၁၁ ခုနှစ်တွင် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး၌ စစ်အစိုးရကို တရားဝင် ဖျက်သိမ်းခဲ့ပြီး၊ အမည်ခံ အရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

၂၀၂၁ မှ ယနေ့အထိ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နှင့် အခြားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် အစိုးရကို ထိန်းချုပ်ပြီး တစ်နှစ်တာ အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံ၏ခေါင်းဆောင်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရာထူးဖြင့် တာဝန်ယူခဲ့ပြီး၊ နောက်ပိုင်းတွင် အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်ရာထူးကို ထပ်မံရယူခဲ့သည်။

အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်း

[ပြင်ဆင်ရန်]

စတင်ကြေညာခဲ့သည့် တစ်နှစ်တာ အရေးပေါ်အခြေအနေအား ခြောက်လစီဖြင့် စုစုပေါင်း (၇) ကြိမ် သက်တမ်းတိုးခဲ့သည်။ ဤသက်တမ်းတိုးခြင်းများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ပြုလုပ်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ထိုသက်တမ်းကုန်ဆုံးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၅) ကို ကျင်းပခဲ့ပြီး၊ ယင်းအစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီအဖွဲ့ဝင်များအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကဲ့သို့သော အထူးဖိတ်ကြားခံရသူများလည်း တက်ရောက်ခဲ့ကြသည်။[]

အစည်းအဝေးတွင် ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အာဏာလွှဲအပ်သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးနောက်၊ ပုဒ်မ ၄၂၇ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကာလုံမှ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၄၂၇ (ခ) အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးနောက် အဖွဲ့အစည်းများ ဖွဲ့စည်းသည်အထိ အာဏာကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုမူ သင့်လျော်သည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို လွှဲအပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ပုဒ်မ ၄၂၉ အရ ကာလုံသည် အမိန့်ကို ပယ်ဖျက်သည့်နေ့မှစ၍ ၆ လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ကြောင့် ကာလုံသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်နှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ဆက်လက်လည်ပတ်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အုပ်ချုပ်မှုဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှုများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဖြင့် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့ပါသည်။ ထို့အပြင် ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့ပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ခန့်အပ်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အုပ်ချုပ်ရေးအာဏာ သုံးရပ်လုံးကို ကာလုံကနေ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရဖွဲ့စည်းခြင်း၊ တရားသူကြီးများ ခန့်အပ်ခြင်း၊ ပြည်နယ်နှင့် တိုင်းဦးစီးမှူးများ ခန့်အပ်ခြင်း စသည်တို့ကို ကာလုံရုံး၏ အမိန့်များအဖြစ် ကြေညာခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လသက်တမ်း ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက်၊ အဆိုပါကောင်စီကို ထပ်မံသက်တမ်းတိုးမပေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် "ပြည်ထောင်စုအစိုးရအဖွဲ့" အသစ်ကို ဖွဲ့စည်းပြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[]

အမိန့်အမှတ် ၄/၂၀၂၅ ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[]

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အရေးပေါ်နှင့် စစ်အုပ်ချုပ်ရေး ကြေညာချက်များ

[ပြင်ဆင်ရန်]

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာထားသည့် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင်မူ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးတို့ကို ပြန်လည်ကြေညာခဲ့သည်။

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၂/၂၀၂၅) ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အရ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းလိုက်ပါသည်။ ထိုလုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကာကွယ်ရေးဦးစီးချုပ်က မိမိကိုယ်တိုင် သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည်။ ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မည်ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Myanmar country profile"၊ BBC၊ 3 September 2018။
  2. Burma Human Rights Watch။ 6 July 2013 တွင် ပြန်စစ်ပြီး။
    Myanmar Human Rights Amnesty International USA။ 6 July 2013 တွင် ပြန်စစ်ပြီး။
    World Report 2012: Burma Human Rights Watch။ 30 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2013 တွင် ပြန်စစ်ပြီး။
  3. 1 2 3 4 5 6 Marco Bünte။ "Institutionalising Military Rule in Burma/Myanmar: External and Internal Factors"။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂ဝ၂၅) ကျင်းပ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း Ministry of Information။ 31 July 2025 တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။