မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
ဦးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) | |
---|---|
![]() ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ (၂၀၂၀) | |
ယာယီသမ္မတ | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၂၂ ဇူလိုင် ၂၀၂၄ | |
နစကဥက္ကဋ္ဌ | မင်းအောင်လှိုင် |
ယှဉ်ပြိုင်ဖက်(များ) | ဒူဝါလရှီးလ |
ယခင်လူ | ဝင်းမြင့် |
ဆက်ခံသူ | မင်းအောင်လှိုင် |
တာဝန်သက်တမ်း ၂၁ မတ် ၂၀၁၈ – ၃၀ မတ် ၂၀၁၈ | |
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် | အောင်ဆန်းစုကြည် |
ယခင်လူ | ထင်ကျော် |
ဆက်ခံသူ | ဝင်းမြင့် |
တတိယမြောက် ဒုတိယသမ္မတ–၁ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
ခန့်အပ်သူ | ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် |
သမ္မတ | ထင်ကျော် ဝင်းမြင့် |
ယခင်လူ | စိုင်းမောက်ခမ်း |
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ခန့်အပ်သူ | သိန်းစိန် |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဖြိုးမင်းသိန်း |
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၀ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | လွှတ်တော်စတင် |
ဆက်ခံသူ | သန်းဆွေ (NLD) |
မဲဆန္ဒနယ် | ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်(၂) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မန္တလေးမြို့၊ မြန်မာနိုင်ငံ | ၂၄ ဇွန်၊ ၁၉၅၁
ကွယ်လွန် | ၇ ဩဂုတ်၊ ၂၀၂၅ ၇၄) နေပြည်တော် | (အသက်
သင်္ဂြိုဟ်ရာနေရာ | တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်) |
နိုင်ငံသား | မြန်မာ |
လူမျိုး | မွန် |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော် | ဒေါ်ခင်သက်ဌေး |
သားသမီး | ခင်သက်ထားဆွေ ကျော်ဘုန်းမြင့် |
မိခင်ကျောင်း | စစ်တက္ကသိုလ် (အပတ်စဉ်–၁၅) |
အလုပ်အကိုင် | အစိုးရအရာရှိ၊ တပ်မတော်သား၊ နိုင်ငံရေးသမား |
အစိုးရအဖွဲ့ | ထင်ကျော်အစိုးရ ဝင်းမြင့်အစိုးရ မင်းအောင်လှိုင်အစိုးရ |
ရရှိခဲ့သော ဆုတံဆိပ်များ | စာရင်း[၁]
|
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | |
အမှုထမ်းကာလ | ၁၉၇၁-၂၀၁၀ |
ရာထူး | ![]() |
Commands | |
စစ်ဖက်ဆိုင်ရာ ဆုတံဆိပ်များ | စာရင်း[၁]
|
ပြန်တမ်းဝင်အမှတ် | ကြည်း ၁၂၆၂၉ |
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ - ၇ ဩဂုတ် ၂၀၂၅ [၂]) သည် မြန်မာနိုင်ငံသား မွန်လူမျိုး မြန်မာ့တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၃][၄]၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းယူခံရခြင်းတွင် သူသည် ယာယီသမ္မတအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
အစောပိုင်းဘဝနှင့် စစ်မှုထမ်းခြင်း
ဦးမြင့်ဆွေကို ဦးကြီးမောင်၊ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။[၅]၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့သည်။[၆] ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ သူသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင် စစ်ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်တို့အကြား ပဋိပက္ခဖြစ်ပွားရာတွင် ဦးမြင့်ဆွေသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ထိုစဉ်က နိုင်ငံဝန်ကြီးချုပ်နှင့် တပ်မတော်ထောက်လှမ်းရေးမှူးချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားရာ၌ ၎င်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရ ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားပြီးနောက် ဦးမြင့်ဆွေသည် အသစ်ဖွဲ့စည်းခဲ့သည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၏ အရာချုပ်ဖြစ်လာခဲ့သည်။[၇][၈]သူသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန် နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်အား တွဲဖက်၍ တာဝန် ထမ်းဆောင်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ဦးမြင့်ဆွေသည် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသော ပထမဆုံး မွန်လူမျိုး ဖြစ်သည်။[၂] ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။[၁] [၆][၉]၂၀၁၁ ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ ရာထူးမှ အနားယူခဲ့သည်။
ဦးမြင့်ဆွေသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကို အကြမ်းဖက်ဖြိုခွင်းရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၎င်းသည် ထိုသို့ ဆန္ဒပြသံဃာ၊ ကျောင်းသားနှင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမှာ တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၂၀၁၃ ခုနှစ်တွင် 7 Day သတင်းမီဒီယာကို ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ထိုသို့ဖြိုခွင်းခဲ့မှုကြောင့် သေဒဏ်ပေးရင်တောင် ခံနိုင်သည်ဟုလည်း မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။[၁၀][၁၁]
နိုင်ငံရေးဘဝ
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
ဦးမြင့်ဆွေသည် တပ်မတော်မှ အနားယူပြီးနောက် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။
စဉ် | ကိုယ်စားလှယ်လောင်း | ပါတီ | မဲရုံမဲ | ကြိုတင်မဲ | ပေါင်း | ခိုင်လုံမဲ ရာခိုင်နှုန်း |
---|---|---|---|---|---|---|
၁။ | ဒေါ်ခင်အေးရီ | တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီ | 1,241 | 38 | 1,279 | 18.70% |
၂။ | ဦးမြင့်ဆွေ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | 5,011 | 547 | 5,558 | 81.30% |
စုစုပေါင်း | 6,252 | 585 | 6,837 | 100% | ||
*ဦးမြင့်ဆွေက အနိုင်ရသည်။ |
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြင့်ဆွေအား ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သူရ ဦးတင်အောင်မြင့်ဦးသည် ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေအား အဆိုပြုခဲ့သော်လည်း သားဖြစ်သူတစ်ဦးမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသဖြင့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအရည်အချင်းနှင့် မပြည့်မှီသောကြောင့် မအောင်မြင်ခဲ့ပေ။[၁၂]
၂၀၁၅ ခုနှစ် လဆန်းပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည့် ကျောင်းသားဆန္ဒပြပွဲတစ်ခုကို လက်ပတ်နီဝတ် "စွမ်းအားရှင်" များကို အသုံးပြု၍ ရိုက်နှက်ခဲ့ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးမြင့်ဆွေက ပြောဆိုခဲ့သည်။ ထိုပြောဆိုမှုကြောင့် ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။[၁၃][၁၄]
ဒုတိယသမ္မတ
၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။[၁၅]
ယာယီသမ္မတ
၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုကာ လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်လာခဲ့သည်။
၂၀၂၁ နောက်ပိုင်းအခြေအနေများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေသည် မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် ဆောင်ရွက်ပြီး ထို့နောက်တွင် နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့အား ယင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။[၁၆]
ဘဝနိဂုံး
ကျန်းမာရေး ယိုယွင်းခြင်း
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား စတင် ခံစားလာခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ ထိုနှစ် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင်လည်းကောင်း ဆေးကုသမှုများ ခံယူခဲ့ရသည်။
သို့သော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၎င်း၏ ယာယီသမ္မတတာဝန်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။[၁၇] ယင်းနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက် တွင် ဦးမြင့်ဆွေသည် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရပြန်သည်။၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက် တွင် ဦးမြင့်ဆွေ ၏ ကျန်းမာရေးအခြေအနေသည် အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။[၁၈]
ကွယ်လွန်ခြင်း
၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက် နံနက် ၈ နာ၇ီ ၂၈ မိနစ် တွင် နေပြည်တော် ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကွယ်လွန်ခဲ့သည်။[၁၉] ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်ဖြစ်သည်။ ယခင်ထုတ်ပြန်ချက်က သုံးရက် သတ်မှတ်ခဲ့သော နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလကို[၂၀] ၅ ရက်အဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ဩဂုတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ထားသည်ဟု ကာလုံရုံးက ထုတ်ပြန်ထားသည်။ [၂၁]
ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပန
ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော် ဈာပနအခမ်းအနားအား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ ငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်) တို့၌ ကျင်းပပြုလုပ်ခဲ့သည်။[၂၂]
နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်၍ “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသည့် သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွါးများချီးမြှင့်ပေးခဲ့သည်။[၂၂]
နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော် ထိပ်တန်းအရာရှိကြီးများ တက်ရောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတိယသမ္မတဟောင်းများဖြစ်သော သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်းတို့လည်း တက်ရောက်ခဲ့သည်။[၂၂]
ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့လည်း တက်ရောက်ဂါရဝပြုခဲ့သည်။[၂၂]
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌမှ ဖတ်ကြားခဲ့ပြီး ရုပ်ကလာပ် ပို့ဆောင်ခြင်းအား ပြည်ထောင်စုဝန်ကြီး (၈)ဦးမှ ဆောင်ရွက်ခဲ့သည်။ တပ်မတော် ဂုဏ်ပြုတပ်ခွဲမှ သေနတ်မြှောက် အလေးပြုခြင်း၊ သေနတ်မြေစိုက် ဦးခိုက်အလေးပြုခြင်း၊ သေနတ် သုံးချက် ပစ်ဖောက်ဂုဏ်ပြုခြင်းတို့ပြုလုပ်ခဲ့သည်။[၂၂]
ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသောကြွေအိုးအား တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) ၌ အုတ်ဂူဖြင့် ဂူသွင်းမြှုပ်နှံခဲ့သည်။[၂၂]
ဂုဏ်ပြုခံရခြင်း
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၂၂ အရ ဦးမြင့်ဆွေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သုဓမ္မသင်္ဂဟဘွဲ့ဖြစ်သော သတိုးသီရိသုဓမ္မဘွဲ့ နှင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သတိုးမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။[၂၃]
မိသားစုဘဝ
ယာယီသမ္မတ ဦးမြင့်ဆွေသည် မွန်လူမျိုး[၂၄] ဖြစ်ပြီး ဇနီးမှာ ဒေါ်ခင်သက်ဌေး ဖြစ်သည်။ ၎င်းတွင် သား၊ သမီးနှစ်ဦးရှိပြီး သမီးဖြစ်သူ ဒေါ်ခင်သက်ထားဆွေနှင့် သားဖြစ်သူ ဗိုလ်ကြီး ကျော်ဘုန်းမြင့် (ငြိမ်း) တို့ ဖြစ်သည်။[၂၅][၂၆]
ကိုးကား
- 1 2 3 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း။ MOI Myanmar (၈ ဩဂုတ် ၂၀၂၅)။ ၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- 1 2 Lt Gen Myint Swe။ Alternative Asean Network on Burma။ 24 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-07-02 တွင် ပြန်စစ်ပြီး။
- ↑ ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတို့၏ ကိုယ်ရေးအချက်အလက် အကျဉ်း (12 March 2016)။ 4 October 2018 တွင် 12.3.16.pdf မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2016 တွင် ပြန်စစ်ပြီး။
- ↑ CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UK။ Her Majesty's Treasury။ UK Government (20 April 2011)။ 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2011 တွင် ပြန်စစ်ပြီး။
- ↑ "ဒုတိယသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအကျဉ်း"၊ နိုင်ငံတော်သမ္မတရုံး။ Archived from the original on 1 February 2021။
- 1 2 Lwin၊ Min။ "Lt-Gen Myint Swe: Future No 2?"၊ The Irrawaddy၊ 2008-06-27။ 2008-07-02 တွင် ပြန်စစ်ပြီး။ Archived from the original on 17 February 2012။
- ↑ MYINT SWE။ 24 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2014 တွင် ပြန်စစ်ပြီး။
- ↑ သန်းရွှေနှင့် မင်းအောင်လှိုင်တို့ ၏ ရုပ်သေး သို့မဟုတ် ဗိုလ်ချုပ်ကြီးဟောင်း၊ ယာယီသမ္မတ မြင့်ဆွေ။ Myanmar Now။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Myint Swe Nominated as New Vice-President (10 July 2012)။ 15 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2014 တွင် ပြန်စစ်ပြီး။
- ↑ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်၊ နိုင်ငံတော်ဈာပန ကျင်းပမည်။ DVB။ 7 august 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်အုပ်စု ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်။ Mizzima။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "Myint Swe’s VP Bid Postponed"၊ The Irrawaddy၊ 17 July 2012။ 29 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2014။
- ↑ ဦးမြင့်ဆွေ - အာဏာသိမ်းမှုကို ခဝါချတဲ့ သမ္မတ။ BBC Burmese (၇ သြဂုတ် ၂၀၂၅)။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်းစစ်တပ်၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်။ The Irrawaddy။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military picks hardliner Myint Swe to work with Suu Kyi’s proxy president။ South China Morning Post (11 March 2016)။ 8 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Myanmar gov't declares 1-year state of emergency: President's Office။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ယာယီသမ္မတ ဦးမြင့်ဆွေ တာဝန်တွေ စစ်ကောင်စီအကြီးအကဲ လွှဲပြောင်းယူ။ VOA Burmese။ 22 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်။ MOI Myanmar (၅ ဩဂုတ် ၂၀၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်။ ဘီဘီစီသတင်းဌာန (၇ ဩဂုတ် ၂၀၂၅)။ ၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားခြင်းကြောင့် ယနေ့မှ သြဂုတ် ၉ ရက်အထိ ကာလအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်။ Eleven Media။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန (11-08-2025)။ 13-08-2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း။ sacoffice.gov (၁၇ ဧပြီ ၂၀၂၂)။ 8 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Sean Gleeson။ "Myint Swe revealed as military VP pick"၊ Frontier Myanmar၊ 11 March 2016။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း။ ပြန်ကြားရေးဝန်ကြီးဌာန (8 August 2025)။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Children of Burma's bloody junta in Sydney deny black money (in en) (2021-06-11)။ 4 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-04 တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ရုံးအသစ် | ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၁၁–၂၀၁၆ |
ဆက်ခံသူ ဦးဖြိုးမင်းသိန်း |
ယခင်က ဒေါက်တာ စိုင်းမောက်ခမ်း |
ဒုတိယသမ္မတ (၁) ၂၀၁၆–၂၀၂၅ |
လစ်လပ် |
ယခင်က ဦးထင်ကျော် |
ယာယီသမ္မတ ၂၀၁၈ |
ဆက်ခံသူ ဦးဝင်းမြင့် |
ယခင်က ဦးဝင်မြင့် |
ယာယီသမ္မတ ၂၀၂၁-၂၀၂၄ |
ဆက်ခံသူ မင်းအောင်လှိုင် |